ဒေးဒရဲ သြဂုတ် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့က အများပြည်သူ ပူးပေါင်းပါဝင် သော အမှိုက်သိမ်းစနစ် ဖြစ်ပေါ်လာစေရေးနှင့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု မရှိစေ ရေးအတွက် အသိပညာပေး ဟောပြောခြင်းကို ယနေ့ နံနက်(၁၀)နာရီက စျေးကြီးအခြေခံပညာ မူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝဏ္ဏထွန်းက စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်မှုမရှိရေးနှင့် စည်းကမ်းစနစ်တကျ အမှိုက်စွန့်ပစ်ခြင်းဖြင့် ရရှိလာနိုင် မည့် အကျိုးကျေးဇူးများကို ဆွေးနွေးဟောပြောခြင်း၊ အင်ဂျင်နီယာမှူး ဒေါ်သီတာစိုးနှင့် ဦးစီးအရာရှိ ဒေါ်သက်သက်ကြူတို့က အများပြည်သူ ပူးပေါင်းပါဝင်သော အမှိုက်သိမ်းစနစ် ဖြစ်ပေါ်လာစေရေး၊ အမှိုက်နှင့် အညစ်အကြေး အမျိုးအစားများကို ဆွေးနွေးဟောပြောခဲ့သည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သက်မွန်က ကျောင်းနှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ကျောင်းသား၊ ကျောင်းသူများ ပါဝင်ဆောင်ရွက်နိုင်ရေး ဟောပြောခဲ့ပြီး တာဝန်ရှိသူများက အမှိုက်ကင်းစင်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများက ဉာဏ်စမ်းပဟေဠိ ဖြေဆိုခြင်းနှင့် ဆုရရှိသူများကို မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ ကြောင်း သိရသည်။
အေဇာလင်း