ငဖဲမြို့နယ်၌ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာအုပ်စုများတွင် မျိုးစေ့ထုတ်စိုက်ခင်းများ မျိုးကွဲပယ်ခြင်း လုပ်ငန်းဆောင်ရွက်

ငဖဲ စက်တင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူ များအား မျိုးစပါးမျိုးကောင်းမျိုးသန့် ထုတ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်၍ (CERP) အစီအစဉ်ဖြင့် ဆောင်ရွက်သည့် မျိုးစေ့ထုတ် စိုက်ခင်းများ မျိုးကွဲပယ်ခြင်းလုပ်ငန်းကို ကျေးရွာများ အရောက်ကွင်းဆင်း ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ညနေပိုင်းက ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာအုပ်စုဖြစ်သည့် ချောင်းဖြူကျေးရွာအုပ်စုနှင့် ပင်ဦးအုပ်စု အတွင်း ရှိသောတောင်သူများ၏လယ်မြေများတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးမြင့်သိန်းက မျိုးစေ့ထုတ်စိုက်ခင်းများ မျိုးကွဲ နုတ်ပယ်ခြင်းလုပ်ငန်း လာရောက်လေ့လာသူ တောင်သူများအား မျိုးကွဲထုတ်ပယ်သည့် နည်းစနစ် များ၊အပင်ဖြစ်ထွန်းမှု၊ပိုးမွှားကျရောက်မှုရှိ၊မရှိ စစ်ဆေးကြည့်ရှုနည်းများကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက စိုက်ခင်းများအတွင်းမျိုးကွဲနုတ်ပယ်ခြင်းလုပ်ငန်းကို လက်တွေ့ပြသ ဆောင်ရွက်ခဲ့သည်။

အဆိုပါ မျိုးစေ့ထုတ်စိုက်ခင်းများမျိုးကွဲပယ်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းအားဖြင့် တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့် သုံးစွဲနိုင်ခြင်းနှင့် ထွက်ရှိမည့်ဆန်အရည်အသွေး ကောင်းမွန်ခြင်း၊ စျေးကောင်းရရှိခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်ပြီး မျိုးကွဲပယ်ခြင်းလုပ်ငန်းကို ပင်ပွားကာလ၊ ပန်းပွင့် ကာလနှင့် သီးနှံရင့်မည့် အချိန်ကာလများတွင်နုတ်ပယ်ရမည်ဖြစ်ကြောင်း နှင့် CERP အစီအစဉ် အရ ငဖဲမြို့နယ်အတွင်း မျိုးစေ့ထုတ်စိုက်ဧက ၁၃၅ ဧကရှိကြောင်း သိရသည်။

မယု(ငဖဲ)