ပေါက်ခေါင်း ဩဂုတ် ၉
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာရရှိစေရန် ရည်ရွယ်၍ ကျေးရွာရေရရှိရေး လုပ်ငန်းဆောင်ရွက်နေမှုနှင့် Cash For Work စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးဇော်၊ အငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်အေးမို့မို့ဝင်းနှင့် ဝန်ထမ်းအဖွဲ့ဝင်များ က ကျေးရွာကော်မတီဝင်များနှင့်အတူ ဖိုကုန်းကျေးရွာရေရရှိရေးလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါကျေးရွာ၌ အကျယ်ပေ ၄ ဒသမ ၅ လက်မ၊ အနက်ပေ ၅၀၀ ရှိ တွင်းနက်အဝီဇိတွင်းတူးဖော်ခြင်းနှင့် ရေဂါလံ ၅၀၀၀ ဆံ့ ရေစုကန်တည်ဆောက်ခြင်း လုပ်ငန်းများကို တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ၂၄ ဒသမ ၁၅ သန်းဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေနှင့် စိုင်ပစ်အင်းရွာ ဒေသခံပြည်သူများကိုယ်တိုင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် လုပ်အားခဝင်ငွေရရှိနိုင်သည့် Cash For Work စီမံကိန်းလုပ်ငန်း၊ ကျေးရွာတွင်းလမ်း ကျောက်ရောမြေနီလမ်းခင်းခြင်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)