လိပ်သိုမြို့တွင် ကျောင်းကျန်းမာရေးသီတင်းပတ်အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲပြုလုပ်

လိပ်သို   သြဂုတ် ၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးသီတင်းပတ်အထိမ်းအမှတ် စာစီ စာကုံး၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲများကို ယမန်နေ့နံနက်က ပြုလုပ်ပေးခဲ့ရာ အလယ်တန်း၊ အထက်တန်းမှ ကျောင်းသားကျောင်းသူများ စိတ်ပါဝင်စားစွာပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။

အလယ်တန်း အဆင့်ပြိုင်ပွဲတွင် “သန့်ရှင်းသာယာကျောင်းတစ်ခွင်မှာ”ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင် ပွဲ၊ “ဆေးလိပ်ဆေးရွက်ကြီးအန္တရာယ် သတိပြုကာတို့ကာကွယ်” ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲ၊ “ကိုယ်လက် လှုပ်ရှားအားကစား”ခေါင်းစဉ်ဖြင့် ကာတွန်းပြိုင်ပွဲ တို့ကိုလည်း ကောင်း၊ အထက်တန်း အဆင့်ပြိုင်ပွဲများတွင် “စိတ်ကျန်းမာရေးအလေးထား” ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲ၊ “ဆေးလိပ် ဆေးရွက်ကြီး အန္တရာယ်သတိပြုကာတို့ကာကွယ်” ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲ၊ "ကျန်းမာရေးအဆင့် မြင့်ဖို့ကွယ် တို့တစ်တွေပူးပေါင်းဆောင်ရွက်မယ်” ခေါင်းစဉ်ဖြင့် ကာတွန်းပြိုင်ပွဲများကို ယှဉ်ပြိုင်စေခဲ့ပြီး ထူးချွန်သူများအား ဂုဏ်ပြုဆုများချီးမြင့်ပေးသွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။

လိပ်သို(ပြန်/ဆက်)