မုံရွာ ဩဂုတ် ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော အားကစားနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲကို ယနေ့ မွန်းလွဲ(၁)နာရီအချိန်က မုံရွာမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း သလ္လာဝတီခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြင့်နိုင်စိုးက ဘဝကို ပြောင်းလဲစေနိုင်သော စာအုပ်များအကြောင်းနှင့် လူငယ်များအတွက် စာဖတ်ရှိန်မြှင့်တင်ရေး မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးနှင့် အကျင့်စာရိတ္တကောင်းမွန်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မုံရွာခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန ခရိုင်အားကစားမှူး ဦးမြအောင်က အားကစားနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်းနှင့် စပ်လျဉ်းပြီး အသေးစိတ် ရှင်းလင်း အသိပညာပေး ဟောပြောခဲ့ကြပြီး အားကစားနှင့်ပတ်သက်၍ မေးခွန်းများ မေးမြန်းရာ အဖြေမှန်သည့် ကျောင်းသား၊ ကျောင်းသူများအား မုံရွာခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန ခရိုင်အားကစားမှူး ဦးမြအောင်က အမှတ်တရ လက်ဆောင်အဖြစ် ဘော်လီဘော၊ ခြင်းလုံးနှင့် ဘောလုံးတို့ကို ပေးအပ်ခဲ့ပြီးနောက် အားကစားလှုပ်ရှားမှုများနှင့်ပတ်သက်၍ သရုပ်ပြသမှုများအား ကြည့်ရှု့ အားပေးခဲ့ကြသည်။ ယင်းနောက် ကျောင်းအုပ်ကြီးက အခုလို မိမိတို့ ကျောင်းသားလူငယ်များအတွက် လူငယ်ရေးရာနှင့် ပတ်သက်၍ ဗဟုသုတတွေ မျှဝေ ဟောပြော ဆွေးနွေးပေးခဲ့သော ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မုံရွာခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများအား အထူးကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
ထိုနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်ကျင်းပြသထားသော သုတ၊ ရသ စာအုပ်စာစောင်များကို တက်ရောက်လာကြသော တာ၀န်ရှိသူများနှင့် ကျောင်းသား/ကျောင်းသူများက ဖတ်ရှုလေ့လာခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြင့်နိုင်စိုးနှင့် ခရိုင်ဝန်ထမ်းများ၊ မုံရွာခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ခရိုင်အားကစားမှူး ဦးမြအောင်နှင့် ဝန်ထမ်းများ၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)