ဘိုကလေး ဩဂုတ် ၈
ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး၊ အားကစားကို ချစ်မြတ်နိုးတတ်ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားများ ပေါ်ထွန်းလာစေရေး၊ လူငယ်မောင်မယ်များ အနေဖြင့် စာရိတ္တကောင်းမွန်စွာ ကျင့်ကြံနေထိုင် တတ်စေရေးတို့ကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နေ့လယ်(၂)နာရီအချိန်၌ ဘိုကလေးမြို့နယ်၊ မလော့ကျေးရွာအုပ်စုရှိ ပေချောင်းလေး အ.လ.က ကျောင်းတွင် အားကစားဆိုင်ရာနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပဆောင်ရွက်သည်။
အဆိုပါ ဟောပြောပွဲ၌ အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်စန္ဒာကျော်မှ လူငယ်များ အနေဖြင့် ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အဓိကလိုက်စားရမည့် ကဏ္ဍမှာ အားကစားပင် ဖြစ်ကြောင်း၊ ကျောင်းစာသင်ကြား၍ အားလပ်ချိန်များတွင် အခြားသော ကိစ္စရပ်များဖြင့် အချိန်ကုန်မည့်အစား အားကစားလိုက်စားခြင်းဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချစေလိုကြောင်းနှင့် အားကစားဆိုင်ရာများအား အဓိကထားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီတာအောင် မှ “လူငယ်နှင့် စာရိတ္တ” ခေါင်းစဉ်ဖြင့် ကျောင်းသားလူငယ်များသည် တန်ဖိုးရှိလှသော လူငယ်မောင်မယ်များ ဖြစ်လာစေရေးအတွက် အဓိကကောင်းမွန်စွာ ကျင့်ကြံရမည့် အချက်မှာ စာရိတ္တပင် ဖြစ်ကြောင်း၊ စာရိတ္တ ကောင်းမွန်မှု မရှိပါက လူ့အသိုင်းအဝိုင်းတွင် ဝင်ဆံ့နိုင်မှု အားနည်းပြီး အများနှင့် ရင်ဘောင်တန်း၍ လုပ်ဆောင်ရ သည့် ကိစ္စရပ်များတွင် အားနည်းချက်များ ရှိနိုင်ကြောင်း၊ တိုးတက်ပြောင်းလဲလာသည့် ခေတ်ရေစီးကြောင်း အရ လိုက်ပါသွားရင်း မိမိတို့၏ စာရိတ္တကို ဖြူစင်ကောင်းမွန်စွာ ထိန်းသိမ်းရမည်ဖြစ်ကြောင်း ဆွေးနွေးဟောပြောခဲ့ သည်။
ဆက်လက်၍ အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာကျော်မှ အားကစားသိပ္ပံကျောင်း တက်ရောက်လိုသည့် ကျောင်းသား၊ ကျောင်းသူများအား သတ်မှတ်ချက်များနှင့် အညီရွေးချယ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားပစ္စည်းများအား လှူဒါန်းရာ တာဝန်ခံကျောင်းအုပ်ကြီးမှ လက်ခံခဲ့ကြောင်းနှင့် မြို့နယ်တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် အဖွဲ့သည် ကျောင်းသား၊ ကျောင်းသူဦးရေ(၁၀၀)အား တိုင်းရင်းဆေးပညာဖြင့် ခေါင်းမူး၊ ရင်ကြပ်၊ အစာမကြေ၊ အကြောတက် စသည့်ရောဂါများကိုလည်း စမ်းသပ်ကုသပေးခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)