ဘိုကလေး ဩဂုတ် ၈
မိမိတို့မြို့၊ရွာနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ စည်းကမ်းမဲ့အမှိုက် စွန့်ပစ်မှုမရှိစေရေး အသိပညာပေး ဟောပြောပွဲအား ယနေ့ နံနက်(၁၀)နာရီအချိန် တွင် ကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ဘိုကလေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးဝဏ္ဏဝင်းမှ မိမိတို့ မြို့ရွာနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာဖို့ရာ ယခုဟောပြောပွဲသို့ တက်ရောက် လာသည့် ကျောင်းသား၊ ကျောင်းသူ တိုင်း၌ တာဝန်ရှိကြောင်း၊ မိမိတို့ ပတ်ဝန်းကျင် အစဉ်အမြဲ လှပသာယာရေး အတွက် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းအား ရှောင်ကြဉ်ရန် လိုအပ်ကြောင်းနှင့် အမှိုက်စွန့်ပစ် ရာတွင် အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်နည်းအား အသိပညာပေး ဟောပြောခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ တာဝန်ရှိ ဆရာ/မများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၁၅၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)