ဂန့်ဂေါ စက်တင်ဘာ ၁၁
ဂန့်ဂေါမြို့နယ်အတွင်း မိုးစပါးနှင့် မိုးမြေပဲ စမ်းသပ်ကွက်၊ စံပြကွက် စိုက်ပျိုးဆောင်ရွက်သော အကျိုးဆောင်တောင်သူများသို့ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် ပြုလုပ်သည်။
ပေးအပ်ရာတွင် မိုးစပါး စံပြကွက်၊ မိုးမြေပဲစံပြကွက်နှင့် စမ်းသပ်ကွက် ဆောင်ရွက်သော ကျေးရွာ ၇ ရွာမှ တောင်သူ(၅၅)ဦးထံသို့ ကွန်ပေါင်း ဓါတ်မြေဩဇာအိတ် (၁၂) အိတ်၊ ယူရီးယား ဓါတ်မြေဩဇာအိတ် (၁၁၀) အိတ်တို့ကို ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးထင်အောင်ကြွယ်က တောင်သူကိုယ်စားလှယ်များထံသို့ ပေးအပ်သည်။
ဂန့်ဂေါမြို့နယ်အတွင်း ယခုနှစ် မိုးရာသီတွင် မိုးစပါး ၅ ဧက စံပြကွက် ၅ ကွက်နှင့် ၁၀ ဧက စံပြကွက်၊ ၂၅ ဧက စံပြကွက်နှင့် ၅၀ ဧက စံပြကွက် တစ်ကွက်စီတို့အပြင် SRI စပါးစိုက်ပျိုးနည်းစနစ် ၅ ဧက စံပြကွက် တစ်ကွက်၊ စုစုပေါင်း မိုးစပါးစံပြကွက်များ စိုက်ဧကပေါင်း ၁၁၅ ဧက ကိုလည်းကောင်း၊ ဆင်းပဒေသာ (၁၁) မြေပဲမျိုး စံပြကွက် တစ်ကွက်၊ စိုက်ဧက ၁၀ ဧကနှင့် မကွေး (၁၆) မြေပဲမျိုး စမ်းသပ်ကွက် တစ်ကွက်၊ စိုက်ဧက ၃ ဧက တို့ကို လည်းကောင်း စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း သိရသည်။
တောင်သားမောင်သန်း