သရက်ချောင်း သြဂုတ် ၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှဦးဆောင်၍ မိုင်းအန္တရာယ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီအချိန်က သရက်ချောင်းမြို့၊ မြို့ပေါ်ရပ်ကွက်ရှိ ပန်းတောအခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြတ်ကိုကိုက အန္တရယ်ဖြစ်ပေါ်စေတတ်သော မိုင်းအမျိုးမျိုးအကြောင်းသိကောင်းစရာများ၊ မပေါက်ကွဲသေးသော စစ်လက်နက်ခဲယမ်းများတွေ့ရှိပါက ထိတွေ့ကိုင်တွယ်မှုမပြုပဲ သက်ဆိုင်ရာကို အကြောင်းကြားပေးကြရန်၊ မသင်္ကာစရာပစ္စည်းများတွေ့ရှိက မကိုင်မိစေရန်နှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၏ လုပ်ဆောင်ချက်များကို ကျောင်းသား/သူများသိရှိစေရန် ပြောကြားခဲ့ကြောင်း သိရသည်။
ဟောပြောပွဲအပြီးတွင် ကြက်ခြေနီတပ်ဖွဲ့မှူးနှင့်အဖွဲ့ဝင်များက ကျောင်းသား/သူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး မိုင်းအန္တရယ်အသိပညာပေးပိုစတာများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် လက်သန့်ဆေးရည်နှင့် နှာခေါင်းစည်း (Mask) များကို ကျောင်းအုပ်ဆရာမကြီးများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
အလားတူ မိုင်းအန္တရာယ်အသိပညာပေးဟောပြောပွဲကို နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့နယ်၊ မြို့မရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းတွင်လည်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သားကြီး(သရက်ချောင်း)