ထန်းတပင်မြို့နယ်တွင် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကျင်းပ

ထန်းတပင်(ပဲခူး) သြဂုတ် ၈

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေး အသိပညာပေးခြင်းနှင့် ကျောင်းသား/သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာ အထက်တန်းကျောင်း ပင်လုံခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာ‌ပေး ဟောပြောပွဲတွင် ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးသူနာပြုဆရာမကြီး ဒေါ်အိအိဝင်းက ကျောင်းသား/သူများ ကျန်းမာပျော်ရွင်စွာ စာသင်ကြားနိုင်စေရန်အတွက် တစ်ကိုယ်ရေသန့်ရှင်းရေး၊ လက်ဆေးခြင်း၊ သွားနှင့်ခံတွင်း ကျန်းမာရေး၊ နည်းစနစ်မှန် သွားတိုက်ခြင်း၊ သန့်ရှင်းသော ယင်လုံအိမ်သာ သုံးစွဲရေးနှင့် မိုးတွင်းကာလ ကလေးငယ်များတွင် ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး နည်းလမ်းများအကြောင်းကို ပြောကြားခဲ့သည်။

ထို့နောက် အစားအစာများတွင် ပါဝင်သော ဆိုးဆေးအန္တရာယ်အကြောင်း၊ ပလပ်စတစ်ကြွပ်ကြွပ်အိတ် သုံးစွဲမှု‌‌လျှော့ချနိုင်ရေးအတွက် အကြောင်းအရာများကို ဟောပြောခဲ့သည်။

ဆက်လက်၍ ကျန်းမာရေးဝန်ထမ်းများက ‌ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၄၀)ဦးကို ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံမှု အခြေအနေများ၊ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု အခြေအနေများ  ကျန်းမာရေးစစ်ဆေးပေးခဲ့ပြီး လိုအပ်သည့်ဆေးဝါးများကို အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)