သာယာဝတီမြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်

သာယာဝတီ ဩဂုတ် ၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုက အဖွင့်အမှာစကား ပြောကြားရာ၌ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးလာနိုင်မည်ဖြစ်ကြောင်း၊ ယခုသင်တန်းသည် လုပ်ငန်းဆောင်ရွက်လိုသူများအတွက် နည်းပညာပံ့ပိုး‌ပေးနိုင်ရန်နှင့် မြို့နယ်အတွင်း ထုတ်ကုန်အမယ်သစ်များ ပေါ်ပေါက်လာပြီး သွင်းကုန်အစားထိုးကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန် ရည်ရွယ်ကာ ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးခိုင်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြည်သူ့အကျိုးပြု သင်တန်းအစီအစဉ်များ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြိုးဖြိုးအောင်က သာယာဝတီမြို့နယ်အတွင်း သင်တန်းဖွင့်လှစ်ပေးခဲ့မှု အခြေအနေများ၊ ဌာနမှ လိုက်လံဖွင့်လှစ်ပေးနေသည့် လူသုံးကုန်နည်းပညာ သင်တန်းများ၊ သက်မွေးသင်တန်းများ၊ အသေးစားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ပံ့ပိုးဆောင်ရွက်ပေးနေမှု အခြေအနေများတို့ကို ရှင်းလင်းပြောကြားခဲ့ကြသည်။

ထို့နောက် အခမ်းအနားကို တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများ သင်တန်းသားသင်တန်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များကို လှည့်လည်ကြည့်ရှုကြပါသည်။

အဆိုပါသင်တန်းတွင် ဆပ်ပြာအဆီအမျိုးမျိုး၊ လက်ဆေးဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ၊ ဘက်စုံသုံးဆပ်ပြာ၊ ပန်းကန်ဆေးဆပ်ပြာ၊ ပယင်းဆပ်ပြာခဲ၊ နနွင်းဆပ်ပြာခဲနှင့် လက်သန့်ဆေး‌ရည် အမျိုးမျိုးထုတ်လုပ်နည်းများကို ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သြဂုတ်လ ၈ ရက်မှ ၁၂ ရက်နေ့အထိ စာတွေ့လက်တွေ့ (၅)ရက်ကြာ အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသားစုစုပေါင်း (၂၀)ဦး တက်ရောက်ကြကြောင်း သိရသည်။

သန့်ဇော် (ပြန်ဆက်)