မိုးညိုမြို့၊ အလက(ခွဲ)မြို့မကျောင်းတွင် ကျောင်းကျန်းမာရေး သတင်းပါတ်လှုပ်ရှားမှု ဆောင်ရွက်

မိုးညို ဩဂုတ် ၈

ကျန်းမာရေးအဆင့်မြင့် ကျောင်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ဗဟိုနှင့်ဒေသဆိုင်ရာ အစိုးရအဖွဲ့များ၊ ဌာနဆိုင်ရာများ၏ ပူး‌ပေါင်းပံ့ပိုးမှုအား‌ပိုမိုအား ကောင်းလာစေရန်၊ ကျောင်းသား၊ ကျောင်းသူများပညာရေးနှင့် ကျန်းမာ‌ရေးဝန်ထမ်းများ အပါအဝင်ပြည်သူလူထု တစ်ရပ်လုံးတွင် ကျန်းမာရေးအဆင့်မြင့် ကျောင်းလုပ်ငန်းစဉ်များနှင့် ပတ်သက်သော အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ ကျောင်းသား၊ ကျောင်းသူများတွင် ကျန်းမာရေးနှင့် ညီညွတ်သောအလေ့အကျင့် ကောင်းများရရှိကျင့် သုံးနိုင်‌စေရေးနှင့် သန့်ရှင်း၍ ကျန်းမာရေးနှင့် ညီညွတ်သော ကျောင်းပတ်ဝန်းကျင်များ ပေါ်ထွန်းလာစေရေး၊ ရေရှည်တည်တံ့စေရေး အထောက်အကူရစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ မြို့မရပ်ကွက်ရှိ အလက(ခွဲ)မြို့မတွင် ကျောင်းကျန်းမာရေးသတင်းပါတ် လှုပ်ရှားမှုကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းကျန်းမာရေးဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး‌ ဒေါက်တာ‌မိုးနှင့် ကျန်းမာ‌ရေးဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခက်ခက်‌အောင်နှင့် အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာကြီး ဦးလှိုင်မြင့်သိန်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ကျောင်းတွင်း/ကျောင်းပြင်သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ကျောင်းဝန်းအတွင်းရှိ ရေကန်များအား အဘိတ်ဆေးခတ်ခြင်း ဆောင်ရွက်ခဲ့သည်။

ထို့နောက် ကျန်းမာရေးဝန်ထမ်းများက မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၏ ဝိုင်းဝန်းကူညီမှု့ဖြင့် ကျောင်းသား၊ ကျောင်းသူများအား ပဲနို့နှင့်အာဟာရမုန့်များကျွေးမွေးခြင်း၊ စနစ်တကျသွား တိုက်နည်းအားလက်တွေ့ပြသပေးခြင်း၊ ကိုယ်အလေးချိန်/အရပ် တိုင်းတာပေးခြင်း၊ သွားကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် တစ်ကိုယ်ရည်ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)