ပေါက်ခေါင်း ဩဂုတ် ၈
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ရပ်ကွက်၊ ကျေးရွာများသို့ လုံခြုံရေးအရခေတ္တလာရောက် ရှောင်တိမ်းနေသော အိမ်ထောင်စုမိသားစုဝင်များ၏ သားသမီး၊ ကျောင်းသား၊ ကျောင်းသူများအတွက် ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှထောက်ပံ့သော ကျောင်းဝတ်စုံများ ထောက်ပံ့ ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အဆိုပါ ပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးသူမောင်နှင့် ပြည်ခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုတို့က အမှာစကားနှင့် အားပေးစကားများပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးတို့က ပေါက်ခေါင်းမြို့နယ်နှင့် နယ်နိမိတ်ခြင်းထိစပ်နေသော ကျေးရွာများမှ လုံခြုံရေးအရလာရောက် ရှောင်တိမ်းနေရပြီး၊ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာစာသင်ကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူ(၃၀)ဦး တို့အတွက် ကျောင်းဝတ်စုံအထည်(၃၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်နေ့က ပေါက်ခေါင်းမြို့နယ်ရပ်ကွက်၊ ကျေးရွာ(၁၅)ရွာသို့လာရောက် ရှောင်တိမ်းနေထိုင်သည့်ပြည်သူ ၃၇၀ ဦးအတွက် ဆန်ရိက္ခာ ဘိုးထောက်ပံ့ငွေ (၇၇၇၀၀ဝိ/)ကျပ်ကိုလည်း လာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)