မော်လမြိုင်ကျွန်း စက်တင်ဘာ ၁၁
မော်လမြိုင်ကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ နိုင်ငံတော် အစိုးရက ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ ညနေက ရာဇူဒိုင်တံတားအမှတ် ၂ တွင် ကျင်းပခဲ့သည်။
မြို့နယ်အတွင်းရှိ ငါးမွေးဧက (၆ဝ.၇၈)အတွက် ငါးမြစ်ချင်း ၂လက်မ ငါးသားပေါက်ကောင်ရေ (၁၂၁၅၆ဝ) ကို ငါးမွေးတောင်သူ ၁၁ ဦးအတွက် တစ်ဧကလျှင် ၂ဝဝဝ နှုန်းဖြင့် ပထမအကြိမ်အခမဲ့ ထောက်ပံ့ပေးအပ်ခြင်း ဖြစ်သည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေး၊ လပွတ္တာခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်ဝါဝါသိန်း၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်သန်းသန်းဌေး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါ်ဖြူဖြူဝင်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဒေါ်နှင်းရည်စိုးနှင့် ဝန်ထမ်းများက ငါးသားပေါက်များ ပေးအပ်ကြပြီး ယခုကဲ့သို့ နိုင်ငံတော်မှ ငါးမျိုးများထောက်ပံ့ခြင်းသည် ကိုဗစ်ကာလအတွင်း ရေလုပ်ငန်း ကဏ္ဍအပေါ် ထိခိုက်ဆုံးရှုံးမှုများ ပြန်လည်ထူထောင် နိုင်ရန် အတွက်ဖြစ်ကြောင်း၊ ဆက်လက်၍ မြို့နယ်အတွင်း ကျန်ရှိနေသည့် ငါးမွေးတောင်သူများအား ထပ်မံပေးအပ်သွားမည်ဖြစ်ကြောင်း၊ မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဒေါ်နှင်းရည်စိုးထံမှ သိရသည်။
သီတာအောင် (ပြန်ဆက်)