ပေါက် စက်တင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး ပေါက်မြို့ အောင်ချမ်းသာရပ်ကွက် ကျောင်းကြီးဝိုင်း ဓမ္မာရုံအတွင်းဖွင့်လှစ်ထားသော Facility Quarantine Center ရှိ ရောဂါပိုးတွေ့ရှိသည့် နေရာ ဒေသများမှ ပြန်လည်ရောက်ရှိလာသော နေရပ်ပြန် ပြည်သူများ၏ နေထိုင်စားသောက်ရေး ကျန်းမာရေးအစရှိသည့် အခက်အခဲများ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်နှင့်အညီ ဖြေရှင်းပေးနိုင်ရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချူပ် ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများသည် ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်က သွားရောက် တွေ့ဆုံမေးမြန်းခဲ့ကြသည်။
ထိုသို့ တွေ့ဆုံမေးမြန်းရာတွင် Facility Quarantine Center ရှိ ရောဂါပိုးတွေ့ရှိသည့် နေရာဒေသများမှ ပြန်လည် ရောက်ရှိလာသော နေရပ်ပြန် ပြည်သူများက ၎င်းတို့၏ အခက်အခဲများကို တင်ပြကြရာ မြို့နယ် ကိုဗစ်-၁၉ ထိန်းချူပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်ကိုနှင့် မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အေးပပစိုးရီ တို့က ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ပိုမိုများပြားလာသည့်အတွက် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေး ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း နေအိမ်ပြင်ပ သွားလာသူများ အနေဖြင့်မဖြစ်မနေ ပါးစပ်၊ နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာရေး ကြပ်မတ် စစ်ဆေးခြင်း၊ မြို့ဝင်ဂိတ်တွင် ခရီးသွားပြည်သူများအား ကိုယ်အပူချိန်တိုင်းခြင်း၊ ခရီသွားမှတ်တမ်းရယူခြင်းများကို ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်း အဖွဲ့များက အလှည့်ကျ နေ့စဉ်ဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
Facility Quarantine Center ရှိရောဂါပိုးတွေ့ရှိသည့် နေရာဒေသများမှ ပြန်လည်ရောက်ရှိလာသော နေရပ်ပြန် ပြည်သူများကလည်း အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက မိမိဆန္ဒသဘောထားနှင့် မဆုံးဖြတ်ကြရန်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအား အကြောင်းကြားပေးရန် လိုအပ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချူပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌက ရှင်းလင်း ပြောကြားခဲ့သည်။
ဉာဏ်တိုး(ပေါက်)