သရက်ချောင်း ဩဂုတ် ၈
ကျောင်းသားလူငယ်တစ်ရပ်လုံးတွင် ကျန်းမာရေးနှင့်ညီညွှတ်သော လူနေမှုပုံစံများ(Healthy Life Styles) သိရှိကျင့်သုံးစွဲမြဲစေပြီး ကျန်းမာရေးအဆင့်အတန်းမြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ဩဂုတ်လရောက်တိုင်း သတ်မှတ်ဆောင်ရွက်လျက်ရာ သရက်ချောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယနေ့နံနက် ၁၀ နာရီက အ.ထ.က သရက်ချောင်းကျောင်း၌ အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှုဆောင်ရွက်ရာတွင် သရက်ချောင်းမြို့နယ်၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦး ဦးဆောင်သော ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခြင်းနှင့် ပဏာမကျန်းမာရေးစောင့်ရှောက်မှုများနှင့် ကလေးငယ်များအား သွားတိုက်ဆေးများပေးဝေခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။
သရက်ချောင်းမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှုလုပ်ငန်းများအနေဖြင့် ဩဂုတ်လ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
နန်းခလိုက်(သရက်ချောင်း)