ပုသိမ် သြဂုတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် တူယှဉ်နွှဲပျော် ဂီတပွဲတော် Season-2 တေးသီချင်းသီဆိုမှု ပြိုင်ပွဲကို သြဂုတ် ၆ ရက်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော် ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီးကျော်စွာလှိုင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တိုင်း/ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အကဲဖြတ်ဒိုင် အဖွဲ့ဝင်များ၊ Level-1 အဆင့် တေးသီချင်းသီဆိုပြိုင်ပွဲဝင်ကြမည့် တေးသံရှင်များနှင့် ဝါသနာရှင်များ တက်ရောက်ကြသည်။ ရှေးဦးစွာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်က ပြိုင်ပွဲကျင်းပရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး အကဲဖြတ်ဒိုင်အဖွဲ့မှ ဦးကျော်ကျော်က ပြိုင်ပွဲစည်းကမ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြိုင်ပွဲကို ကျင်းပရာ Level-1 အဆင့်ပြိုင်ပွဲကို ကျင်းပရာ တိုင်းဒေသကြီးအတွင်း ခရိုင်(၈)ခုတို့မှ ပြိုင်ပွဲဝင်(၂၄)ဦးတို့မှ ပါဝင်ယှဉ်ပြိုင် ခဲ့ကြသည်။
အစီအစဉ် ဒုတိယပိုင်းတွင် ဝါသနာရှင်များက အခမ်းအနား တက်ရောက်ကြသူများကို တေးသီချင်း များဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး Level-1 အဆင့် သီဆိုင်ပြိုင်ပွဲဝင်သူများထဲမှ (၁၁)ဦး ပြန်လည် ရွေးချယ်ခံရသူများအား ကြေညာခဲ့သည်။ Grand Final အဆင့် ပြိုင်ပွဲမကျင်းပမီ တူယှဉ်နွှဲပျော် ဂီတပွဲတော် Season-1 ပြိုင်ပွဲတွင် ပထမဆုကို တိုင်းဒေသကြီး ကိုယ်စားပြု ရယူပေးခဲ့သော မဇင်သူသူထွန်းနှင့် တိုင်းဒေသကြီး ပညာအလင်္ကာ တေးဂီတအဖွဲ့မှ ဧည့်ပရိတ်သတ်များအား ဖျော်ဖြေတင်ဆက်ကြသည်။
ဖျော်ဖြေတင်ဆက်မှုများအပြီးတွင် Grand Final ပြိုင်ပွဲကို ဆက်လက်ကျင်းပပြီး ဒိုင်အဖွဲ့မှ တိုင်းနှင့် ပြည်နယ် အဆင့်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ဇကာတင်သုံးဦး ရွေးချယ်ရာတွင် လပွတ္တာခရိုင်မှ မေသဲစု၊ ပုသိမ် ခရိုင်မှ မောင်စိုးထက်အောင်နှင့် ဖျာပုံခရိုင်မှ မလှလှမိုးတို့ကို ရွေးချယ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်းမှ ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ပြီး ပြိုင်ပွဲဝင်ရောက်ကြသူ ၂၄ ဦးနှင့် ဒိုင်အဖွဲ့ဝင် များကို ထောက်ပံငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြင့်ဟန်
 
    