ဘားအံ ဩဂုတ် ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များဖြင့် စာရေးဆရာလူထုစိန်ဝင်းရေးသားထားသော “စဉ်းစားတတ်အောင် ပညာသင်ပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ကရင်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူးဦးမောင်မောင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးသောင်းထွန်းက စဉ်းစားတတ်အောင် ပညာသင်ပါ၊ သားသမီးပညာရေးစဉ်းစားကြတဲ့အခါ၊ ပညာနှင့်အောင် လက်မှတ်၊ ပညာနှင့်အသိဉာဏ်၊ စဉ်းစားတတ်မှ ပညာတတ်ခေါ်နိုင်တယ်၊ ကလေးတွေကို သနားပါ၊ ပညာရေးအဟောသိကံမဖြစ်စေရန်၊ အနာဂတ်ကျောင်း၊ လူငယ်နဲ့လေ့လာရေး ခေါင်းစဉ်များဖြင့်လည်းကောင်း၊ ဘားအံခရိုင် Book Club အဖွဲ့ဝင် ဆရာဦးငွေသန်းက စဉ်းစားတတ်အောင် ပညာသင်ပါ စာအုပ်တွင်ပါဝင်သည့် မူလတန်းဆရာများရဲ့ဘဝ၊ ကလေးတွေရဲ့အနာဂတ်ဟာတိုင်းပြည်ရဲ့အနာဂတ်၊ က ကညစ်ပေမှာခြစ် မဖြစ်ကြရအောင်၊ ငယ်ငယ်ကပုဂ္ဂလိကကျောင်း၊ ပညာရေးအဆင့်မြှင့်တင်ဖို့၊ ဒီခေတ်ဟိုခေတ်ကျောင်းသားဘဝ၊ ပညာကိုဟမ်ဘာဂါလိုရောင်းစားနေကြတဲ့ခေတ်၊ စာရိတ္တပညာနဲ့ပြည်သူ့နီတိသင်ကြားပေးဖို့ လိုနေပြီ၊ အသိဉာဏ်ပညာ(မြေးကလေးအတွက်ရေးတဲ့စာ)စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ရာ တက်ရောက်လာသော Book Club အဖွဲ့ဝင်များမှ သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲသို့ ဘားအံမြို့နယ်အတွင်းရှိ ပြည့်စုံပညာရတနာမိုး ကိုယ်ပိုင်အထက်တန်းကျောင်း၊ ကရင်ဘော်ဒါဆောင်၊ ဇွဲကပင်ပညာဒါနကျောင်းမှ ကျောင်းသား/သူများ၊ စာပေဝါသနာရှင်လူငယ်များ၊ ကျောင်းသား/သူ (၄၅)ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)