မြန်မာ့ရိုးရာ လက်မှုလုပ်ငန်းဖြင့် မိသားစုစားဝတ်နေရေးကို ထိန်းကြောင်းထားနိုင်

မြင်းမူ ဩဂုတ် ၈

မြန်မာတို့၏ အိမ်ထောင်စုတိုင်းတွင် မရှိမဖြစ် အသုံးပြုလျက်ရှိသော ဗန်း၊ ဇကော၊ ဇကာအမျိုးမျိုးကို ယက်လုပ်လျှက် နိုင်ငံတစ်ဝှမ်း တင်ပို့ရောင်းချလျှက်ရှိသော စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် ညောင်မြစ်ကျေးရွာရှိ ဒေသခံပြည်သူများအတွက် ပုံမှန်ဝင်ငွေရရှိကာ စားဝတ်နေရေးအတွက် များစွာ အထောက်အကူပြုလျှက်ရှိကြောင်း သိရှိရသည်။

ညောင်မြစ်ကျေးရွာသည် ရှေးဟောင်းသမိုင်းဝင် ကျေးရွာကြီးတစ်ရွာဖြစ်သည်နှင့်အညီ ရှေးယခင်ဘိုး/ဘွား လက်ထက်ကပင် ဗန်း၊ ဇကော၊ ဇကာယက်လုပ်ခြင်းကို လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ မိဘများပင်လျှင် ဒီလက်မှုလုပ်ငန်း လုပ်ကိုင်လာသည်မှာပင် နှစ်ပေါင်း(၅၀)ကျော် ရှိနေပြီဖြစ်ကြောင်း ၊ ရွာမှာရှိတဲ့ ကလေး၊ လူကြီးအားလုံး ဗန်းနှင့် ဇကာကို ယက်လုပ်နိုင်သည်အတွက်   မိသားစုအတွက် ပုံမှန်ဝင်ငွေရရှိလျှက်ရှိကြောင်း၊ ပစ္စည်းများပြုလုပ်ရန် ဝါးကို မြင်းမူမြို့တွင် ဝယ်ယူရပြီး ကြိမ်နီကို  စစ်ကိုင်းမြိုတွင် ဝယ်ယူရကြောင်း  ဝါးဖြတ်ခြင်း၊  စိတ်ခြင်း  ၊နှီးဖြာခြင်း၊ ပုံဖေါ်ခြင်း၊ ကြိမ်နခမ်းသပ်ခြင်း စသဖြင့် အဆင့်ဆင့်ပြုလုပ်ရကြောင်း ယက်လုပ်သော ပစ္စည်းများမှာ ဗန်းအမျိုးအစား(၅)မျိုး၊ ဇကာအမျိုးအစား(၅)မျိုး၊ အုပ်ဆောင်းအမျိုးမျိုး၊ ခံတောင်းအမျိုးမျိုး၊ ရေအိုးဖုံး၊ ဇကာအမျိုးမျိုး၊ ရဟန်းသုံးဗြစ်တောင်းများ၊ ဆန်ဆေးခြင်းတောင်းနှင့် ယက်တောင်အပါအဝင် ပစ္စည်းအမျိုးပေါင်း(၂၁)မျိုးကို ယက်လုပ် ဖြန့်ချီပေးလျှက်ရှိကြောင်း ယင်းကျေးရွာမှ ဗန်း၊ ဇကော၊ ဇကာများ ယက်လုပ်ဖြန့်ချီသူ မသင်းခိုင်ထံမှ သိရှိရသည်။

ပစ္စည်းများ ယက်လုပ်ရာတွင် ကိုယ်ပိုင်ပြုလုပ်ခြင်းနှင့် လက်ခစားပြုလုပ်ခြင်းများရှိကြောင်း၊ ပုံမှန်ယက်လုပ်ခြင်းအပြင် ယခုအခါ မန္တလေးမြို့ ကြက်သွန်ပွဲရုံများမှ အထူးအော်ဒါအဖြစ် ကြက်သွန်အကြီး၊ အသေးချဇကာများ မှာယူလျှက်ရှိကြောင်း သိရှိရသည်။

အောင်စိုးဖေ (မြင်းမူ)