မြိတ် ဩဂုတ် ၆
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် မြိတ်တောင်ကျေးရွာ ဘုတ်ချောင်းရပ်၌ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပျက်စီးသွားသော အိမ်ထောင်စုအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ကယ်ဆယ်ရေးပစ္စည်းများကို ဩဂုတ်(၅)ရက် ညနေ(၄)နာရီခွဲက သွားရောက်ထောက်ပံ့ခဲ့ကြကြောင်း သိရသည်။
လေဘေးသင့်အိမ်ထောင်စုအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် အိမ်ဆောက်ပစ္စည်းဖိုး (၁)သိန်းကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး၊ ဘေးသင့်အိမ်ထောင်စုရှိ လူဦးရေ(၆)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုး (၁၂၆ဝဝ)ကျပ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးသောင်းအေး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွေနွေးစိုးနှင့် တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ခဲ့ကြသည်။
မြိတ်တောင်ကျေးရွာ ဘုတ်ချောင်းရပ်၌ ယမန်နေ့နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်သဖြင့် ပျက်စီးသွားသော နေအိမ်သည် ဓနိမိုး၊ ယိုင်ကာ၊ ပျဉ်ခင်းနေအိမ်ဖြစ်ပြီး ထိခိုက်ဏ်ရာရ သေဆုံးမှုများမရှိကြောင်း၊ ဘေးသင့်အိမ်ထောင်စု မိသားစုများသည် ၄င်းတို့၏ ဆွေမျိုးများထံတွင် နေထိုင်လျက်ရှိကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)