အသက်မွေးဝမ်း​ကျောင်းပညာသင်တန်း (Vocational Education Training) (၆/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ချောက် သြဂုတ် ၆

မ​ကွေးတိုင်း​ဒေသကြီး၊ ချောက်ခရိုင်၊​ ချောက်မြို့နယ်တွင် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့​ရေနံနှင့် သဘာဝဓာတ်​ငွေ့လုပ်ငန်း၊ ​ချောက်/လမ်းရွာ​ရေနံ​မြေနှင့် အကျိုးတူပူး​ပေါင်း ဆောင်ရွက်လျက်ရှိသော Gold petrol ကုမ္ပဏီနှင့်  အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန (မ​ကွေးတိုင်း​ဒေသကြီး) တို့ ပူး​ပေါင်းဖွင့်လှစ်​သော အသက်မွေးဝမ်း​ကျောင်းပညာသင်တန်း (Vocational Education Training) (၆/၂၀၂၂) အဖြစ် (ဆိုင်ကယ်ပြင်သင်တန်း) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယ​နေ့နံနက် ၉နာရီအချိန်က အမှတ် ၂ လုပ်သားများ အပန်းဖြေရိပ်သာ ​ချောက်ရေနံ​မြေ လုပ်ငန်းခွင် သင်တန်း​ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ​မ​ကွေးတိုင်း​ဒေသကြီး၊ အ​သေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြား​ရေးမှူး ဦးစိုးနိုင်ထူးက အသက်​မွေးဝမ်း​ကျောင်းပညာသင်တန်း (Vocational Education Training) များ​ ပေးရခြင်း ရည်ရွယ်ချက်အားလည်းကောင်း၊ ချောက်/လမ်းရွာ​ရေ​နံ​မြေအ​ထွေ​ထွေ မန်နေဂျာဦးရဲနိုင်က (CSR) အစီအစဉ်ဖြင့် အသက်​မွေးဝမ်း​ကျောင်းပညာသင်တန်း (Vocational  Education Training) ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အားလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် သင်တန်းသားများအား ချောက်/လမ်းရွာရေနံမြေ အထွေထွေမန်နေဂျာနှင့် မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ညွှန်ကြား​ရေးမှူးတို့က သင်ထောက်ကူပစ္စည်းများ​ ပေးအပ်ခဲ့သည်။ အဆိုပါ အသက်မွေးဝမ်း​ကျောင်းပညာသင်တန်း (Vocational  Education Training) (၆/၂၀၂၂) အ​ဖြစ် ဆိုင်ကယ်ပြင်သင်တန်းကို ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း၊ သင်တန်းကို သြဂုတ်လ (၆)ရက်​နေ့မှ စက်တင်ဘာလ (၄)ရက်​နေ့အထိ တစ်လကြာ နေ့စဉ်နံနက် (၈)နာရီမှ နံနက်(၁၁)နာရီခွဲထိ၊​ နေ့လယ် (၁)နာရီမှ ​နေ (၄)နာရီအထိ သင်​ကြားပေးသွားမည်​ဖြစ်​​ကြောင်း၊ သင်တန်းကို သင်တန်းသား(၁၈)ဦးဖြင့် စရိတ်ငြိမ်း​ ဖွင့်လှစ်​ပေးခြင်းဖြစ်ကြောင်း သိရသည်။ သင်တန်းဖွင့်ပွဲအ​ပြီးတွင် သင်တန်းတာဝန်ရှိသူများနှင့် သင်တန်းသားများ စု​ပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရှိရသည်။

ကျော်မိုး(ပြန်/ဆက်)