မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် ဆောင်ရွက်သော စပါးမျိုးစေ့ထုတ် စိုက်ခင်း ဧက ၇၀၀ စိုက်ပျိုးပြီးစီး

မင်းဘူး စက်တင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်ဖြင့် ဆောင်ရွက်သော မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း ဧက ၇၀၀ စိုက်ပျိုး ပြီးစီးပြီဖြစ် ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်း များကို ဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူများ စားနပ်ရိက္ခာဖူလုံမှုရှိစေရန်၊ မျိုးစေ့ထုတ် တောင်သူများသာမက မျိုးစေ့ထုတ်လုပ်ငန်းနှင့် ပတ်သက်ဆက်နွယ်သူများ အားလုံး အကျိုးရှိစေရန်နှင့် စိုက်ပျိုးရေးသွင်းအားစုများကို လုပ်ကွက်ငယ်တောင်သူ လယ်သမားများ လွယ်လင့်တကူရရှိနိုင်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးသိန်းနိုင်ဝင်းက ရှင်းလင်းပြောကြားသည်။

မျိုးစေ့ထုတ်တောင်သူများကို ပထမအကြိမ်အဖြစ် မျိုးစေ့ဖိုးနှင့် စိုက်ပျိုးစရိတ်များ၊ ဒုတိယ အကြိမ်အဖြစ် မျိုးကွဲနှုတ်ပယ်ခတို့ကို  နိုင်ငံတော်မှ ထောက်ပံ့ပေးနိုင်ခဲ့ပြီး တတိယအကြိမ်အဖြစ် မျိုးစေ့သန့်စင်ခများကိုလည်း ဆက်လက်ထောက်ပံ့ ပေးအပ်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

မင်းဘူး(စကု)မြို့နယ် သိမ်ကုန်းဇုံနှင့် ထနောင်းတောဇုံအတွင်းရှိ မျိုးစေ့ထုတ် စိုက်ခင်းများ ကို ကျေးရွာအုပ်စု ၂၅ အုပ်စုမှ မိုးစပါးမျိုးစေ့ ထုတ်တောင်သူ ၁၃၈ ဦးဖြင့် ဧက ၇၀၀ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)