ဝက်လက်မြို့၌ မိုးစပါး တင်း ၁၀၀ နှင့်အထက် ထွက်ရှိရေး တောင်သူ အသိပညာပေး သင်တန်းဖွင့်

ဝက်လက် သြဂုတ် ၆

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် ယမန်နေ့နံနက် ၉ နာရီ အချိန်မှ စတင်၍ မိုးစပါးတင်း ၁၀၀ နှင့်အထက် ထွက်ရှိရေး တောင်သူ နည်းပညာပေး သင်တန်းဖွင့်လှစ်ကြောင်း သိရသည်။

ရှေးဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသန်းထိုက်စိုးက အဖွင့်အမှာစကားပြောကြားပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး ဒုတိယတိုင်းဦးစီးမှူး ဦးအောင်ကြည်ဝင်းက မိုးစပါး တစ်ဧက တင်း၁၀၀ နှင့်အထက် ထွက်ရှိရေးနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များ ဦးစားပေးဆောင်ရွက်လျှက်ရှိသော မိုးစပါး နေကြာသီးနှံနှင့် ဝါသီးနှံကဏ္ဍများအား ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီးမြို့နယ်ဦးစီးမှူး ဒေါ်ကြင်စန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ မိုးသီးနှံစိုက်ပျိုးရာတွင် စပါးနှင့် အခြားသီးနှံများ မျိုးကောင်း မျိုးသန့် များပိုမိုရရှိရေး သီးနှံအလိုက် မျိုးစေ့ထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာများတောင်သူများ တက်‌ကျွမ်းနားလည်‌စေရေး၊ လိုက်ပါ‌ဆောင်ရွက်စေရေး ရှင်းလင်း‌ပြောကြားသည်။ တိုင်းဒေသကြီး သီးနှံကာကွယ်ရေး တာဝန်ခံ ဦးမြင့်လွင်က စပါးသီးနှံနှင့် နေကြာသီးနှံ တို့တွင် ကျရောက်တတ်သော ပိုးရောဂါများ ကျရောက်မှု လျော့နည်းစရေးနှင့် ဘက်စုံပိုးရောဂါ ကာကွယ်နှိမ်နင်းနိုင်ရေးနည်းစနစ်များ ကျင့်သုံးနိုင်ရေး ရှင်းလင်းပြောကြားသည်။ တိုင်းဒေသကြီး မြေအသုံးချရေး တာဝန်ခံ ဒေါ်ခင်ထွေးဝင်းက သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်း စနစ်များကို အသိပညာပေးဆွေးနွေးပြီး သင်တန်းကို ဆက်လက်ပို့ချကြသည်။

အဆိုပါ သင်တန်းတွင် မြို့နယ်အတွင်းရှိ ကျေးရွာအသီးသီးမှ စပါးစိုက်တောင်သူ ၅၅ ဦး တက်ရောက်ပြီး သင်တန်းကို ၂ ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

စိုးစိုးလှိုင် ( ဝက်လက်)