ကန့်ဘလူမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေပေါင်း ကျပ် (၂,၁၉၄) သိန်းကျော် ထုတ်ချေးပေးပြီးဖြစ်

ကန့်ဘလူ ဩဂုတ် ၆

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုရေးဘဏ်ခွဲမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို မေလလယ်မှ စတင်ထုတ်ချေးပေးခဲ့ရာ ယနေ့ အထိ မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေပေါင်း ကျပ် ၂,၁၉၄ သိန်းကျော် ထုတ်ချေးပေးခဲ့ပြီးကြောင်း ခရိုင်ဘဏ်ခွဲမန်နေဂျာ ဒေါ်စန်းစန်းအေးထံမှ သိရသည်။

ထိုသို့ ထုတ်ချေးပေးရာတွင် ယခင်နှစ်မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ပြေကျေစွာပြန်လည်ပေးဆပ်ပြီးသည့် တောင်သူများအား ဦးစားပေးထုတ်ချေးပေးခဲ့ခြင်းဖြစ်ရာ မေလလယ်မှ ယနေ့အထိ ရပ်ကွက်၊ ကျေးရွာအုပ်စုရှစ်အုပ်စုမှ ဒေသခံတောင်သူ ၄၅၁ ဦး၏ မိုးစပါးစိုက်ဧက ၁,၄၆၃ အတွက် ချေးငွေကျပ် ၂၁၉,၄၅၀,၀၀၀ ကို တောင်သူများ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ ကြောင်း သိရသည်။

မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို တစ်ဧကလျှင် ကျပ် ၁၅၀,၀၀၀ နှုန်း၊ အခြားသီးနှံများ အတွက် တစ်ဧကလျှင် ကျပ် ၁၀၀,၀၀၀ နှုန်းဖြင့် ထုတ်ချေးပေးခြင်းဖြစ်ပြီး တောင်သူတစ်ဦးလျှင် တစ်ဧက ကျပ် ၁၅၀,၀၀၀ ထုတ်ချေးပေး၍ အများဆုံး လယ် ၁၀ ဧကအထိ ထုတ်ချေးပေးကာ အတိုးနှုန်းမှာမူ ငါးရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ ကျန်ရှိသည့် ကျေးရွာများမှ ဒေသခံတောင်သူများကိုလည်း ချေးငွေပြေကျေစွာပေးဆပ်မှု အပေါ်မူတည်ပြီး ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ခရိုင်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဘဏ်မန်နေဂျာက ပြောသည်။

ကန့်ဘလူမြို့နယ်အတွင်းရှိ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် ဒေသခံတောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို စက်တင်ဘာလကုန်အထိ ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)