ရွှေကျင် ဩဂုတ် ၅
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ကျောင်းပေါင်းစုံ ကျောင်းကျန်းမာရေး သီတင်းပတ် အထိမ်းအမှတ် စာစီစာကုံး၊ ကာတွန်း၊ ပန်းချီပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီတွင် အ-ထ-က(ရွှေကျင်) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမြင့်သောင်း က မြို့နယ်အတွင်းရှိ ကျောင်းပေါင်းစုံမှ (ထက်-လယ်-မူ)အဆင့် ကျောင်းသား/သူများအား ပြိုင်ပွဲတွင်ယှဉ်ပြိုင်ရာ၌ အဓိကပါဝင်ရမည့် အချက်များကို ပြောကြားပေးပြီး အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် "ကျန်းမာရေးအဆင့်မြင့်ဖို့ကွယ် တို့ကျောင်းတွေကစကြမယ်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် ကာတွန်းပြိုင်ပွဲတွင် "ကျန်းမာရေးနှင့်ညီညွတ်စွာ စားသောက်နေထိုင်ပြုမူပါ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတွင် "အစာအုပ်စု စုံအောင်စား သန့်ရှင်းမှုကိုအလေး" ခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ကြသည်။
အဆိုပါပြိုင်ပွဲတွင် ရွှေကျင်မြို့နယ်အတွင်းရှိ ကျောင်းပေါင်းစုံမှ အထက်တန်းအဆင့် (၉)ဦး၊ အလယ်တန်းအဆင့် (၁၁)ဦး၊ မူလတန်းအဆင့် (၇)ဦး၊ စုစုပေါင်း (ထက်၊ လယ်၊ မူ) ကျောင်းသား/သူ (၂၇)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)