ယင်းမာပင် စက်တင်ဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် Mask များအခမဲ့ဖြန့်ဝေခြင်းများကို ယနေ့ နံနက် ၁၀ နာရီက ယင်းမာပင် မြို့ မြို့မစည်ပင်သာယာစျေးရှေ့၌ စိုက်ထူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်းဘုတ်စိုက်ထူခြင်းမှာ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိန်းအမှတ်အဖြစ် စိုက်ထူရာ အဆိုပါ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်းဘုတ်တွင် လူကုန်ကူးမှု ပပျောက်ရေး ရှေ့တန်းကနေ စွမ်းဆောင်ပေး နှင့် ၂၀၂၀ ပြည့်နှစ်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့၏ ရည်ရွယ်ချက်(၄)ရပ်နှင့် လူကုန်ကူးခံရပါက ဆက်သွယ်နိုင် မည့် ဖုန်းနံပါတ်များ ပါရှိကြောင်း သိရသည်။
ယင်းနောက် ယင်းမာပင်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးရဲလင်းအောင်၊ အမှတ်(၁၄) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(မုံရွာ)မှ ရဲအုပ်သန်းဇော်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ဌာန ဆိုင်ရာများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ပြီး မြို့တွင်းတွင် မဖြစ်မနေ ခရီးသွားလာကြသည့် ပြည်သူများအား Mask များ အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းဌေးအောင်(ကနီ)