ကံမမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာမဲပေးနိုင်ရေး အထူးရဲ(၉၇)ဦးခန့်အပ်သွားမည်

ကံမ စက်တင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲဆန္ဒရှင် ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ရန် အထူးရဲ (၉၇)ဦး ခန့်အပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ကံမမြို့နယ်၌ ရပ်ကွက်ကျေးရွာအုပ်စု ၅၆ အုပ်စုတွင် မဲရုံပေါင်း လျာထားပြီး မဲရုံလုံခြုံရေး အထူးရဲ (၉၇) ဦး ခန့်အပ်သွားမည် ဖြစ်ကြောင်း အထူးရဲများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ ကော်မရှင် အဖွဲ့ခွဲဝင်များနှင့် ပူးပေါင်းပြီး ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေး ကို တာဝန်ယူ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ (၁၂)ရက်နေ့မှ နိုဝင်ဘာ ၁၅ ရက်နေ့အထိ ရက်ပေါင်း ၆၄ ရက် ခန့်အပ် တာဝန်ပေးသွားမည် ဖြစ်ကြောင်းနှင့် စက်တင်ဘာ လကုန် မှစတင်၍ သက်ဆိုင်ရာနယ်မြေအလိုက် သင်တန်းပို့ချ ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)