ပန်းတောင်းမြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပန်းတောင်း သြဂုတ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နေ့လည်ပိုင်း က ပန်းတောင်းမြို့နယ် ရပ်သာကျေးရွာအုပ်စု၊ ရပ်သာတံတားတွင် ကျေးရွာများကမ်းပြိုတိုက်စားမှုမှ ကာကွယ်နိုင်ရန်အတွက် ဘူးရိုးချောင်းဖြောင့်မည့်နေရာအား ကြည့်ရှုစစ်ဆေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သူရနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဥသျှစ်ပင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဆောက်လုပ်လျှက်ရှိသော ကျောင်းဆောင်သစ်ပြီးစီးမှုအား စစ်ဆေးပြီး လဲကျေးရွာအုပ်စုတွင် ဆောင်ရွက်နေသော ဘူးရိုးချောင်းဖြောင့် လုပ်ငန်းဖြစ်သည့် ကျောက်စီရေကာတာများ၊ ချောင်းနံရံကျောက်စီခြင်း လုပ်ငန်းများ ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် သရက်လိန်ကျေးရွာအုပ်စု၊ ကသဲကုန်းကျေးရွာ အခြေခံမူလတန်းကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 သင်းသင်းအေး (ပြန်/ဆက်)