သံပုရာပင် စိုက်ပျိုးဖြစ်ထွန်း၍ သံပုရာသီးအား ဈေးကောင်းရရှိ

ကရသူရိ  ဩဂုတ် ၅

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့ရှိ ဒေသခံမိဘပြည်သူများသည် မိသားစု စားဝတ်နေရေးအတွက် ဥယျာဉ်ခြံလုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိရာ သံပုရာပင် စိုက်ပျိုးသူများက သံပုရာပင်စိုက်ပျိုးဖြစ်ထွန်း၍ အသီးအား ဈေး ကောင်းရရှိရန် မျှော်လင့်နေကြောင်း သိရသည်။

"သံပုရာပင်ကတော့ တစ်ခြားအပင်တွေလို ကုန်ကျစရိတ်သိပ်မများဘူးဗျ။ ကိုင်းကူးမျိုးတို့ ဘာတို့ ဝယ်နေစရာလည်းမလိုဘူး။ ကိုယ့်ခြံမှာစိုက်ပျိုးထားတဲ့ အပင်ကြီးကနေ မိမိဘာသာနည်းစနစ် နဲ့ကိုင်းကူးစိုက်ပျိုးတယ်။ ရာဘာ၊ ကြောက်မောက်၊ ဒူးရင်းပင်တွေကသာ ကိုင်းကူးရင် နည်းစနစ်၊ အမြစ်ဆေးနှင့် လိုအပ်တဲ့ဟာတွေ သုံးရတော့ သူတို့တွေကကုန်ကျစရိတ်များ သလို အပင်တစ်ပင် ရဲ့ဈေးနှုန်းကလည်းများတယ်။ သံပုရာပင်ဆို ခုနကပြောတဲ့အတိုင်း လူတိုင်းကူးယူ စိုက်ပျိုး နိုင်တဲ့အတွက် ကုန်ကျစရိတ်လည်းမရှိဘူး။ အသီးလည်းပုံမှန်အတိုင်းဘဲ သီးအားကောင်းတယ်။ အရင်ကတော့ သံပုရာသီးတစ်လုံးကို (၅၀)ကျပ်ဘဲရရှိတယ်။ ဒါတောင် အလုံးကြီးမှယူတာမျိုး ဖြစ်ပြီးတော့ အလုံးငယ်ဆို ပစ်ချရတာလည်းရှိတယ်။ ခုချိန်မှာတော့ ထွက်သမျှအသီးကို ရွေးချယ်မှုမရှိဘဲ ဝယ်ယူစေချင်တာပေါ့။ လက်ရှိပေါက်ဈေးကတော့ သံပုရာသီး(၃)လုံးကို(၂၀၀)ကျပ် ရရှိ နေပြီး ထိုဈေးနှုန်းထက် ပိုများလာဖို့ကို မျှော်လင့်နေရတာပေါ့ဟု" သံရာပင်စိုက်ပျိုးသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ သံပုရာသီးကို ဘုတ်ပြင်း၊ ကရသူရိမြို့မှ နွေရာသီတွင်အများဆုံး ခြံအထိလာရောက် ဝယ်ယူကြပြီး နီးစပ်ရာ ကျေးရွာများနှင့် ကော့သောင်းမြို့သို့လည်း ဈေးကွက်အဖြစ်တင် ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

ကရသူရိ (ပြန်/ဆက်)