​ကော့ကရိတ်မြို့နယ် မြို့မဈေးအတွင်းရှိ စားသောက်ကုန်များနှင့် လူသုံးကုန် ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြခြင်း ရှိ/မရှိ တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

ကော့ကရိတ် သြဂုတ် ၅

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အမှတ်()ရပ်ကွက် မြို့မဈေးအတွင်းရှိ လက်လီလက်ကား ရောင်းချနေသည့် စားသောက်ကုန်များနှင့် လူသုံးကုန် ကုန်စည်များ၌ ကျန်းမာရေးနှင့် ညီညွတ်ပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးသက်လွင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးတို့မှ တာဝန်ရှိသူများ ပါဝင်သော အဖွဲ့များက မြို့မစျေးအတွင်းရှိ စားသောက်ကုန်နှင့် လူသုံးကုန်အရောင်းဆိုင်များသို့ သွားရောက်၍ ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ၊ သက်တမ်းလွန် စားသောက်ကုန်များ ရောင်းချမှု မရှိစေရေး၊ နိုင်ငံခြားမှလာသည့် စားသောက် ကုန်ပစ္စည်းများတွင် နိုင်ငံခြားဘာသာအပြင် မြန်မာဘာသာဖြင့် ယှဉ်တွဲဖော်ပြထားသည့် ကုန်ပစ္စည်းများ ရောင်းချရေးတို့အား စစ်ဆေးခဲ့ပြီး စီးပွားကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ဝေသည့် စားသုံးသူရေးရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများ ရသင့်ရထိုက်သော အခွင့်အရေးများ ရရှိစေရေး၊ စားသုံးသူများ၏ ကျန်းမာရေးတို့အတွက် အများပြည်သူသုံးစွဲသော ကုန်စည်များ အရည်အသွေး ပြည့်ဝမှုရှိစေရန် ကွင်းဆင်းစစ်ဆေးရခြင်းဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။

ခင်မျိုးဝင်း (ခရိုင်ပြန်ဆက်)