ရွှေဘိုခရိုင် စိုက်ပျိုး​ရေးဦးစီးဌာန၌ မိုးစပါးပန်းတိုင်အထွက်နှုန်း တိုးတက်ရေး နည်းပညာ​ပေးသင်တန်း ဖွင့်လှစ်

​ရွှေဘို သြဂုတ် ၅

စစ်ကိုင်းတိုင်းဒေသကြီး​ ရွှေဘိုခရိုင် စိုက်ပျိုး​ရေးဦးစီးဌာန ရှင်ယွန်းစံခန်းမတွင် မိုးစပါးပန်းတိုင်အထွက်နှုန်း တိုးတက်​ရေး နည်းပညာသင်တန်း ဖွင့်ပွဲကို ယမန်​နေ့ နံနက်၁၀နာရီချိန်က ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးဦးက အဖွင့်အမှာစကား​ ပြောကြားခဲ့သည်။

ထို့​နောက် စိုက်ပျိုး​ရေးဦးစီးဌာန ဒုတိယ တိုင်း​ဒေသကြီးဦးစီးမှူး ဦး​အောင်ကြည်ဝင်းမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် စပါးအထွက်နှုန်း တိုးတက်​ရေးအတွက် သင်တန်းပို့ချချက်များကို ဂရုစိုက် မှတ်သားကြရန်​၊ တောင်သူများအ​နေဖြင့် စပါးသီးနှံအပြင်​နေကြာ၊ ဝါ၊ ပဲတီစိမ်းစသည့် အခြားသီးနှံများပါ စိုက်ပျိုးသင့်​ကြောင်း​ပြောကြားခဲ့ပြီး၊ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် သင်တန်းတက်​ရောက်လာသည့်​တောင်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကား​ ပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် နည်းပြများဖြစ်သည့် တိုင်း​ဒေသကြီး သီးနှံကာကွယ်​ရေး တာဝန်ခံ ဦးမြင့်လွင်၊​​ မြေအသုံးချ​ရေး တာဝန်ခံ​ဒေါ်ခင်​ထွေးဝင်းတို့က စပါးအထွက်နှုန်း တိုးတက်​ရေး သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ် ဧက (၁၀၀)စံပြကွက်များ​ဆောင်ရွက်ရမည့် အစီအမံများ၊ သဘာဝ ပိုးသတ်​ဆေးရည်​ ဖော်စပ်ပြုလုပ် သုံးစွဲနည်းများ၊​နေကြာဖျက်ပိုး ဘက်စုံကာကွယ် နှိမ်နင်းနည်းများ စသည်တို့ကို​​ ဆွေး​နွေးပို့ချ​ပေးသွားမည်ကြောင်း သိရပြီး သင်တန်းတွင် တောင်သူ ၂၁ ဦး တက်​ရောက်ခဲ့​ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)