ကျုံပျော် ဩဂုတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့တွင် ဂီတမျိုးဆက်သစ်များအတွက် တူယှဉ်နွှဲပျော် ဂီတပွဲတော် Season-2 ပြိုင်ပွဲကို အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ဩဂုတ်လ ၃ ရက် မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ပြိုင်ပွဲသို့ ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ တေးဂီတ ဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ပြိုင်ပွဲတွင် ကျုံပျော်မြို့နယ်၊ ရေကြည်မြို့နယ်နှင့် ကျောင်းကုန်းမြို့နယ်တို့မှ ကိုယ်စားပြု အဆိုရှင်များက "မြန်မာ့ကြွေးကြော်သံ" သီချင်းဖြင့် စိတ်ကြိုက်သီဆို ယှဉ်ပြိုင်ခဲ့ကြပြီး အမှတ်ပေးဒိုင်အဖွဲ့က သီဆိုမှုများအား အကဲဖြတ်အမှတ်ပေးခဲ့ကြသည်။
ထို့နောက် အဆိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း၊ မြန်မာတို့၏ ဂီတအနုပညာကို မြတ်နိုးတန်ဖိုးထားတတ်စေရန်နှင့် ဂီတဝါသနာရှင် လူငယ်များအား မြေတောင်မြှောက် ပေးနိုင်စေရန် ရည်ရွယ်၍ တူယှဉ်နွှဲပျော် ဂီတပွဲတော်ပြိုင်ပွဲ ကို ကျင်းပပေးခြင်းဖြစ်ကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)