နတ်မောက် စက်တင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့တွင် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအတွက် မြို့အဝင် အထွက် ဂိတ်များနှင့် လမ်းဆုံများတွင် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့နံနက် (၈) နာရီက အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် နေအိမ်ပြင်ပသို့ ထွက်သည့် ပြည်သူများအနေဖြင့် နှာခေါင်းစည်း (Mask ) စနစ်တကျတပ်ဆင်ရန်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်မှုမရှိပါက လူတစ်ဦးလျှင် နှာခေါင်းစည်း ( Mask) နှစ်ခု ကိုငွေကျပ် (၂၀၀၀) နှုန်းဖြင့် ယခုဝယ် ၊ ယခုတပ် စနစ် ဖြင့်ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့သို့ဆောင်ရွက်ရာတွင် နတ်မောက်မြို့နယ် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များဖြစ်ကြသော မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သင်းသင်းဝေ (နတ်မောက်)