မြိတ် ဩဂုတ် ၄
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မြေဩဇာဥပဒေ၊ မျိုးစေ့ဥပဒေ၊ ပိုးသတ်ဆေးဥပဒေ၊ အပင်ပိုးမွှား ကာကွယ်သည့်ဥပဒေနှင့် ပိုးသတ်ဆေးစနစ်တကျ ကိုင်တွယ်သုံးစွဲနည်း အသိပညာပေးသင်တန်းကို စိုက်ပျိုးရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူးရုံးတွင် ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။
စိုက်ပျိုးရေးအထောက်အကူပြု ပစ္စည်းများဖြစ်သည့် မျိုးစေ့၊ မြေဩဇာနှင့် ပိုးသတ်ဆေးများကို စီးပွားဖြစ် ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ ပြည်တွင်းတင်သွင်းခြင်း၊ ပြည်ပတင်ပို့ခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ကြသည့်အခါတွင် သတ်မှတ်ထားသည့် ဥပဒေများ ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျဆောင်ရွက်တတ်စေရန် ရည်ရွယ်ချက်ဖြင့် အသိပညာပေး သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
သင်တန်းတွင် မြေဩဇာဥပဒေနှင့် လုပ်ထုံးလုပ်နည်များ၊ တားမြစ်ချက်များ ပြစ်မှုပြစ်ဒဏ်များ၊ မျိုးစေ့ဥပဒေဆိုင်ရာတားမြစ်ချက်၊ ပြစ်မှုပြစ်ဒဏ်များ၊ လုပ်ငန်းလိုင်စင်နှင့် အရောင်းဆိုင် ဖွင့်လှစ်ရောင်းချခွင့် လိုင်စင်အကြောင်း၊ ပိုးသတ်ဆေးစနစ်တကျ ကိုင်တွယ်အသုံးပြုနည်းများ၊ ပိုးသတ်ဆေးကိုင်တွယ်အသုံးပြုရာတွင် လိုက်နာရမည့်အချက်များ၊ ပိုးသတ်ဆေးကို အန္တရာယ်ကင်းရှင်းစွာ ထိရောက်စွာအသုံးပြုနည်းများ၊ အပင်ပိုးမွှားကာကွယ်သည့် ဥပဒေပြဋ္ဌာန်းချက်များ၊ သီးနှံပိုးမွှားရောဂါ ပြန့်ပွားမှုထိန်းချုပ်ရေးအကြောင်းများကို စိုက်ပျိုးရေးအထောက်အကူပြုပစ္စည်း အရောင်းဆိုင်များ၊ ပျိုးဥယျာဉ်များမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေး အသိပညာပေးခဲ့ကြသည်။
သင်တန်းကို တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းထိုက်က အဖွင့်အမှာစကားပြောကြားပြီး မြိတ်ခရိုင်ဦးစီးမှူး ဒေါ်အင်ကြင်းခိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် မြေဩဇာဥပဒေအကြောင်းကိုလည်းကောင်း၊ မြိတ်ခရိုင်ဦးစီးမှူးရုံး မျိုးစေ့ဌာနခွဲမှ ဒု-ဦးစီးမှူး ဦးမင်းထွန်းက မျိုးစေ့ဥပဒေအကြောင်းကိုလည်းကောင်း၊ သီးနှံကာကွယ်ရေးဌာနခွဲမှ လက်ထောက်ဦးစီးမှူး ဒေါ်အေးသီတာက ပိုးသတ်ဆေးဥပဒေအကြောင်းကိုလည်းကောင်း၊ အပင်ပိုးမွှားကာကွယ်သည့် ဥပဒေနှင့် ပိုးသတ်ဆေး စနစ်တကျ ကိုင်တွယ်သုံးစွဲနည်းအကြောင်းကိုလည်းကောင်း အသီးသီးဆွေးနွေး ပြောကြားကြသည်။ ထိုနောက် တက်ရောက်လာကြသူများက သိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)