ဒေးဒရဲမြို့နယ် ကျုံသင်ကျေးရွာ၌ ကျေးလက်ဒေသရေရရှိရေး ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

ဒေးဒရဲ သြဂုတ် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်ဒေသရှိ ပြည်သူများ နွေရာသီကာလ သောက်ရေ၊ သုံးရေများ စဉ်ဆက် မပြတ်ရရှိစေရေး အတွက် မိုးရေသိုလှောင်ကန်များ တည်ဆောက်ပေးခြင်း၊ စက်ရေတွင်းများ တူးဖော်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ဒေးဒရဲမြို့နယ်၊ ကျုံသင်ကျေးရွာတွင် ကျေးလက်ဒေသရေရရှိရေး စက်ရေတွင်း တူးဖော်နေမှုအား မြို့နယ်ဦးစီးမှူး ဦးကျော်စွာမြင့်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

အဆိုပါ စက်ရေတွင်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ပြည်ထောင်စုရန်ပုံငွေကျပ်သိန်း (၁၇၀)ဖြင့် THAN Group Co;Ltd က တွင်းအကျယ်(၄)လက်မ၊ တွင်းအနက် ပေ(၄၀၀)ရှိ မြေအောက် စက်ရေတွင်းကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်နေ့မှစတင်၍ စက်ယန္တရားများနှင့် တူးဖော်နေမှုအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်း၊ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် ရေသိုလှောင်ကန်နေရာများ သတ်မှတ်၍ ခြံစည်းရိုးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက် ပြီးစီးရေး ကျေးရွာလူထုနှင့် ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ စက်ရေတွင်း တည်ဆောက်ပြီးစီးပါက ကျုံသင်ကျေးရွာရှိ အိမ်ခြေ(၂၄၀)၊ အိမ်ထောင်စု (၂၄၈)စုရှိ လူဦးရေ(၁၀၁၄)ဦးနှင့် ကျေးရွာရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အကျိုးဖြစ် ထွန်းမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။

အေဇာလင်း