ထားဝယ်မြို့တွင်လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေးအပိုင်းများ၊ ဓာတ်အား ချိတ်ဆက်မှုဆိုင်ရာနည်းပညာများအတွက် တွေ့ဆုံညှိနှိုင်း

ထားဝယ်   သြဂုတ်  ၄

ကော့သောင်းခရိုင်၊ ဆယ်မိုင်ကျေးရွာတွင်ဆောင်ရွက်မည့် Solar Power Plant စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော Southern CoastlineGroup Co.,Ltdနှင့်ဖိုးသီးချို လျှပ်စစ်ဝန်ဆောင်မှုကုမ္ပဏီ လီမိတက်တို့အကြားနည်းပညာအပိုင်း၊ လျှပ်စစ် ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးရေးအပိုင်းများ၊ ဓာတ်အားချိတ်ဆက်မှု ဆိုင်ရာနည်းပညာများအတွက်တွေ့ဆုံညှိနှိုင်းသည့် အစည်းအဝေးကိုယနေ့နံနက် ၁၀ နာရီအချိန်က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က တနင်္သာရီတိုင်းဒေသကြီးသည် လျှပ်စစ်ဓာတ်အားသုံးစွဲမှုများပြားသော တိုင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးသို့ National Grip မရောက်ရှိသေး သောကြောင့် ထုတ်လုပ်မှုများကို တိုင်းဒေသကြီး အစီအစဉ်ဖြင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကော့သောင်းခရိုင်၊ ဆယ်မိုင်ကျေးရွာတွင် Solar Power Plantဖြင့်အကောင် အထည်ဖော်ဆောင်ရွက်ပေးနေသည့်ကုမ္ပဏီအား တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျေးဇူးတင်ရှိကြောင်း၊ ကုမ္ပဏီများအနေဖြင့်လျှပ်စစ်ဓာတ်အား ထုတ်လုပ် ခြင်းနှင့် ဖြန့်ဖြူးခြင်းအပိုင်းများတွင် ညှိနှိုင်း၍ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ချိုက ဖြည့်စွက်ဆွေးနွေးပြောကြားပြီး Southern Coastline Group Co.,Ltdနှင့် ဖိုးသီးချိုလျှပ်စစ်ဝန်ဆောင်မှုကုမ္ပဏီလိမိတက်တို့က ဆောင်ရွက်ထားရှိမှုအခြေအနေများအားရှင်းလင်းဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က ဆွေးနွေးတင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)