သာယာဝတီမြို့ရှိ ဝဥ စိုက်တောင်သူများ ယခင်နှစ်ထက် စျေးကောင်းရရန်မျှော်လင့်

သာယာဝတီ သြဂုတ် ၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့သည် လယ်ယာစိုက်ပျိုးရေးအပြင် ဒေသတွင်း စိုက်ပျိုးရေးတစ်ခုဖြစ်သည့် ဝဥ စိုက်ပျိုးခြင်းအား ယနေ့ အချိန်တွင်  တစ်ပိုင်တစ်နိုင်သာမက  စျေးကွက်စီးပွားရေးအဖြစ်သို့  အသွင်ကူးပြောင်း စိုက်ပျိုးလျက်ရှိ‌ကြောင်း သိရသည်။

သာယာဝတီမြို့ရှိ ဝဥပင်များကို သဘာဝပေါက်သည့်  အပင်မျိုးဖြစ်ပြီးယခုအခါ သဘာဝ “ဝဥ” ပင်များ ရှားပါးလာသည့်အတွက်   မိသားစုအပိုဝင်ငွေ ရရှိနိုင်ရန်     အိမ်ခြံမြေဝင်းအတွင်း၌သော်လည်းကောင်း၊    ဥယျာဉ်ခြံမြေများ၌ သီးညှပ်စိုက်ပျိုးခြင်း၌‌ လည်းကောင်း၊ သီးသန့် စိုက်ပျိုးမြေများ၌ သော်လည်းကောင်း  မိသားစုအပိုဝင်ငွေ ရရှိနိုင်ရန်အတွက် ပြန်လည်စိုက်ပျိုးကြရသည်။

စိုက်ပျိုးချိန်ကာလ(၁)နှစ်မှ (၃) နှစ် အထိစိုက်ပျိုးရပြီး နှစ်ကာလ ကြာရှည်လေ  ဝဥ အထွက်နှုန်း ကောင်းမွန်လေဖြစ်သဖြင့်  မြေဆီမြေသြဇာ  ကောင်းမွန် သည့်  မည်သည့်နေရာဒေသတွင်းမဆို စိုက်ပျိုးနိုင်ပြီး ဝဥစိုက်တောင်သူများအနေဖြင့် စိုက်ပျိုးမြေ တစ်ဧကလျှင် အပင်ရေပေါင်း ၂ သောင်းအထိ စိုက်ပျိုးကြသည်။ စိုက်ပျိုးနည်းစနစ်အားဖြင့် ၂ ပေ ၁ ပေအကွာအဝေးစနစ်ဖြင့် အပင်အားအတန်းလိုက် စိုက်ပျိုးနိုင်ပြီး ထွက်ရှိနှုန်းမှာလည်း အပင်တစ်ပင်လျှင် ဥအမျိုးအစား တစ်လုံးရရှိပြီး  ယခင်နှစ်တွင် ဝဥ တစ်ပိဿာ ၁၀၀၀ကျပ်ရရှိခဲ့ပြီး ယခုနှစ်တွင်လည်း ပေါက်စျေး ငွေကျပ် ၁၅၀၀ အထိ ရရှိနိုင်ရန်‌  မျှော်လင့်ထားကြောင်း  ဝဥ စိုက်တောင်သူများထံမှ သိရသည်။

ဒေသထွက်ဝဥအစိုများကို ဝဥကုန်သည်များထံ ရောင်းချပေးလျက်ရှိပြီး ဝဥအစိုများကို အခြောက်ပြုလုပ်ကာ ဒေသရှိပွဲရုံများသို့တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)