သာယာဝတီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

သာယာဝတီ သြဂုတ် ၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပေါ်စေရန် ကြိုတင် ကာကွယ်နိုင်ရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက ဂရံသာယာအေးကျေးရွာသို့ သွားရောက်ပြီး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ယင်းသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများက ဂရံသာယာအေးကျေးရွာအတွင်းရှိ လူနေအိမ်များတွင်ထားရှိသည့် ရေစည်ပိုင်း၊ ရေတိုင်ကီ၊ စဉ့်အိုးများနှင့် ခြင်ခိုအောင်းနိုင်သော ရေတွင်းရေကန်များထဲသို့ အဘိတ်ဆေးများခတ်ပေးခြင်း၊ နေအိမ်များရှိ ဘုရားပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ်များ ပြုလုပ်ပေးပြီး သွေးလွန်တုပ်ကွေး ရောဂါကြိုတင် ကာကွယ်ရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)