ဆိပ်ဖြူမြို့နယ်ရှိ ကုန်းတွင်း(ယာ)သီးနှံ စိုက်ပျိုးတောင်သူများ မိုးရွာသွန်းပြီး စိုက်ပျိုးရန်လုံလောက်သည့် အစိုဓာတ်ရရှိ၍ မိုးသီးနှံများ စတင်စိုက်ပျိုး

ဆိပ်ဖြူ ဩဂုတ် ၄

မကွေးတိုင်းဒေသကြီး  ဆိပ်ဖြူမြို့နယ်ရှိ ကုန်းတွင်း(ယာ) သီးနှံစိုက်ပျိုးသူများသည် ဩဂုတ်လ ၂ရက်နေ့တွင် မိုးများရွာသွန်းပြီး စိုက်ခင်းများအတွက် စိုက်ပျိုးရန် လုံလောက်သည့် စိုက်ပျိုးမြေ အစိုဓာတ်ရရှိသည့်အတွက် မိုးသီးနှံများ စတင်စိုက်ပျိုးနေကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်သည် မိုးနည်းရပ်ဝန်းဒေသတွင်တည်ရှိပြီး ဒေသခံတောင်သူများသည် မိုးရာသီ၌ ကုန်းတွင်း(ယာ) စိုက်ခင်းများတွင် မိုးသီးနှံ ပဲမျိုးစုံနှင့် ဝါ၊ ပြောင်း စိုက်ပျိုးခြင်းကို အများဆုံးစိုက်ပျိုးဆောင်ရွက်ကြသည်။ နှစ်စဉ် ပုံမှန်အားဖြင့် ဇွန်နှင့် ဇူလိုင်လတို့တွင် စိုက်ပျိုးဆောင်ရွက်ကြပြီး  သီတင်းကျွတ်လပြည့်ကျော်နှင့် တန်ဆောင်မုန်းလအတွင်း စိုက်ပျိုးသီးနှံများ ပြန်လည်တူးဖော်ကြသည်။ ယခုနှစ် မိုးရာသီကာလ၌ ကုန်းတွင်း(ယာ)စိုက်သည့် အချိန်တွင် မိုးရွာသွန်းမှုနည်းပါးခဲ့ပြီး စိုက်ပျိုးရန် မြေအစိုဓာတ်နည်းခဲ့ခြင်းတို့ကြောင့် ပုံမှန်စိုက်ပျိုးသည့် ဇွန်လနှင့် ဇူလိုင်လတို့တွင် စိုက်ပျိုးနိုင်ခြင်းမရှိဘဲ ဩဂုတ်လအတွင်းမှသာ စတင်စိုက်ပျိုးနိုင်ကြောင်း၊ မိုးရွာသွန်းမှုအပေါ်မူတည်၍ ရရှိသည့်အစိုဓာတ်ဖြင့် ဆီထွက်သီးနှံ မြေပဲကို အဓိကထား စိုက်ပျိုးပြီး သီးညှပ်များအဖြစ် မိုးနေကြာ၊ ပဲစင်းငုံ၊ ပဲတီစိမ်းများကိုလည်း တန်းကြားထည့် သွင်းစိုက်ပျိုးဆောင်ရွက်ကြောင်း၊ မိုးသီးနှံစိုက်ပျိုးရာတွင် သဘာ၀မြေဩဇာများ၊ မြေတွင်းပိုးသတ်ဆေးအဖြစ် ထုံးကို အသုံးပြု၍ စိုက်ပျိုးဆောင်ရွက်ကြကြောင်း ဒေသခံတောင်သူများထံမှ ပြောကြားသိရသည်။       

စိုးလင်းနိုင်(IPRD)