ပွင့်ဖြူမြို့နယ်တွင် ဂွေးသီးပေါ်ချိန် ရာသီစာအဖြစ် တစ်ပိုင်တစ်နိုင် ဂွေးချဉ်ပြုလုပ်ရောင်းချသူများ နေ့စဉ် မိသားစုအပိုဝင်ငွေရရှိ

ပွင့်ဖြူ ဩဂုတ် ၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဂွေးသီးများပေါ်ချိန်တွင် ရာသီစာအဖြစ် ‌တစ်ပိုင်တစ်နိုင် ဂွေးချဉ်လုပ်ငန်း လုပ်ကိုင်ကြသူများ နေ့စဉ်မိသားစုအပိုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ဒေးဒရဲကျေးရွာမှ ဒေသခံတောင်သူများထံက သိရသည်။

ပွင့်ဖြူမြို့နယ် ဒေးဒရဲကျေးရွာရှိ ဒေသခံပြည်သူများသည် မြေအောက်ရေဖြင့် တစ်နှစ်ပတ်လုံး ဟင်းသီးဟင်းရွက်စာပင်းသီးနှံမျိုးစုံနှင့် ဘုရားပန်းစိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပြီး အချို့သော ဒေသခံပြည်သူများက ဂွေးသီးပေါ်ချိန်တွင် မြို့နယ်အတွင်း ဂွေးသီးများကိုလိုက်လံဝယ်ယူကာ တစ်ပိုင်တစ်နိုင် ဂွေးချဉ်ပြုလုပ်ရောင်းချကြကြောင်း၊ ဂွေးသီးအလုံးရေ ၁၀၀ လျှင် ငွေကျပ် ၁၀၀၀ ခန့်ဖြင့် ဝယ်ယူ၍ မိသားစုဝိုင်းဖွဲ့က ဂွေးချဉ်ပြုလုပ်‌ရောင်းချသူများရှိသလို အချို့က အလုပ်သမားငှားရမ်းပြီး ဂွေးသီးအလုံးရေ ၁၀၀ အတွက် ဂွေးချဉ်ပြုလုပ်ခ ငွေကျပ် ၂၀၀ ပေး၍ လုပ်ကိုင်ကြကြောင်း၊ ဂွေးသီးအလုံးရေ ၁၀၀ လျှင် ဂွေးချဉ် ၂ ပိဿာခန့် ထွက်ရှိကြောင်းနှင့် ဂွေးချဉ်တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀၊ ၂၀၀၀ ခန့်ဖြင့် ပြန်လည်ရောင်းချနေရ၍ တစ်ပိုင်တစ်နိုင် ဂွေးချဉ်လုပ်ငန်းမှာ နေ့စဉ် မိသားစုအပိုဝင်ငွေရရှိသဖြင့် လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း အဆိုပါ ဒေးဒရဲကျေးရွာမှ ဂွေးချဉ်လုပ်ငန်းလုပ်ကိုင်သူ ဦးမောင်မြက ပြောပြသည်။

အဆိုပါ ကျေးရွာတွင် တစ်ပိုင်တစ်နိုင် ဂွေးချဉ်လုပ်ငန်းလုပ်ကိုင်သူ ၅ ဦးခန့်ရှိပြီး ဂွေးချဉ်ဝယ်ယူစားသုံးကြသူများ၍  ဂွေးချဉ်လုပ်ငန်းအား တွင်ကျယ်စွာ ‌လုပ်ကိုင်နေရပြီး ဂွေးချဉ်လုပ်ငန်းလုပ်ကိုင်သူများ နေ့စဉ် အပိုဝင်ငွေရရှိသလို ဂွေးပင်စိုက်ပျိုးထားသူများလည်း ဂွေးသီးဆွတ်ခူးရောင်းချနေရ၍ အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း၊  ဒေသခံပြည်သူများက ယခုကဲ့သို့ ဂွေးချဉ်ပြုလုပ်ရောင်းချခြင်းအပြင် သရက်သီးပေါ်ချိန်တွင်လည်း သရက်ချဉ်ပြုလုပ်‌‌ရောင်းချကြကြောင်း၊ သရက်ချဉ်လုပ်ငန်းကို ဝါဆိုလမှ စတင်၍ လုပ်ကိုင်ကြပြီး ရရှိသော သရက်ချဉ်များကို မိမိတို့၏နေအိမ်၌ စဉ့်အိုး (သို့မဟုတ်) ပီနံအိတ်များဖြင့် စနစ်တကျ သိုလှောင်ထိန်းသိမ်းထားရှိကာ သီတင်းကျွတ်လတွင် ပြန်လည်ရောင်းချကြကြောင်း ပွင့်ဖြူမြို့နယ် ဒေးဒရဲကျေးရွာမှ ဒေသခံပြည်သူများထံက သိရသည်။    

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )