မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်း ပြုလုပ်ဆောင်ရွက်

ပွင့်ဖြူ စက်တင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးတွင် ရုံးဝန်ထမ်းများနှင့် လျှပ်စစ်မီတာခ လာရောက် ပေးဆောင်ကြမည့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန်နှင့် မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက် နေသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ စက်တင်ဘာ ၁၁ ရက်၊ နံနက် ၈ နာရီက ရုံးတွင်း၊ ရုံးပြင် ပိုးသတ်ဆေးပက်ဖျန်းခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးအနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး၊ ရုံးဝန်ထမ်းများနှင့် လျှပ်စစ်မီတာခ လာရောက်ပေးဆောင်ကြသည့် ပြည်သူများ ရုံးသို့လာရောက်ရာ၌ ဦးစွာလက်ဆေးရန် လက်ဆေးဘေစင်များ စနစ်တကျ စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။ ယခု လျှပ်စစ်ဓာတ်အားသုံးစွဲခ ကောက်ခံခြင်းကို စက်တင်ဘာ ၁၅ ရက်နေ့တွင် စတင်ကောက်ခံသွားမည်ဖြစ်ရာ မီတာအခွန်ငွေများ မကောက်ခံမီ ကြိုတင်၍ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ယနေ့နံနက်ပိုင်းတွင် မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးတင့်ဇော် ၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများအဖွဲ့က ရုံးတွင်း၊ ရုံးပြင်နှင့် ရုံးအဝင်၊ အထွက်လမ်းများ၊ ရုံးခြံဝန်းတံခါးများ၊ လျှပ်စစ်မီတာခငွေ ကောက်ခံသော ကောင်တာများနှင့် စားပွဲ၊ ကုလားထိုင်များ၊ မီတာခလာရောက် ပေးဆောင်သော ပြည်သူများ ယာယီနားခိုရန် စီစဉ်ထားသော ထိုင်ခုံများနှင့် တန်းလျားများ၊ ရေချိုးခန်းအိမ်သာများမကျန် နေရာအနှံ့ ပိုးသတ်ဆေးများ လိုက်လံပက်ဖျန်း ဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော် ထံမှ သိရသည်။

ရဲဝင်းနိုင် ( ညောင်ဦး )