အထက်မင်းလှ ဩဂုတ် ၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား အချိန်မီပြီးစီးရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အရည်အသွေး စစ်ဆေးရေးကော်မတီအဖွဲ့ဝင်များက ယမန်နေ့နံနက်(၉)နာရီကကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်ထောင်စု (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဒီးဒုတ်ကန် ကျေးရွာကုန်ထုတ်လမ်း (ကျောက်ရောမြေ+မြေနီကျောက်စရစ်) ခင်းခြင်း၊ ရေကျော်တည်ဆောက်ခြင်း၊ ရေပြွန်တစ်စင်းတည် ဆောက်ခြင်းလုပ်ငန်းများနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့်မင်းလှမြို့နယ်၊ ဆောင့်ညောင်ကျေးရွာတွင် လက်တွင်တူး ရေတွင်းတူးဖော်ခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်း၊ ဂါလန်(၅၀၀၀)ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်း၊ ရေပိုက်လိုင်းသွယ်တန်းခြင်း အင်ဂျင်ပန့်တပ်ဆင်ခြင်းလုပ်ငန်းများ၊ ဒီးဒုတ်ကန်ကျေးရွာရေပိုလွှဲပြုပြင်ခြင်း အလျား၁၀၀ပေ၊ အနံ၃၀ပေ၊ အမြင့်၃ပေတည်ဆောက် နေမှုအခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အရည်အသွေးစစ်ဆေးရေးကော်မတီအဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးဝေလင်းမောင်က လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
မင်းလှမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တာဝန်ယူဆောက်လုပ်နေသည့် ကုမ္ပဏီများအနေဖြင့် လုပ်ငန်းများ သတ်မှတ်အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီဆောင်ရွက်ပြီးစီးနိုင်ရေးတို့အား အလေးထားလိုက်နာ ဆောင်ရွက်ကြရန် တာဝန်ရှိသူများကပြောကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)