ဖျာပုံ သြဂုတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကျင်းပသော (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ခရိုင် အဆင့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ(၆)နာရီအချိန်က ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမ၌ ကျင်းပ ပြုလုပ်သည်။
အဆိုပါ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး၊ ခရိုင်အဆင့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲတွင် ဖျာပုံခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်လင်းက ခရိုင်အဆင့် ပြိုင်ပွဲတွင် ဆုရရှိကြသူများအနေဖြင့် ဆက်လက်ကြိုးစား ကြစေလိုကြောင်း၊ တိုင်းဒေသကြီးအဆင့်နှင့် ဗဟိုအဆင့်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုများရရှိအောင် ဆောင်ရွက်ကြစေလိုကြောင်း ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိသူများ အား ဆုများပေးအပ်ရာ မဟာဂီတဝါသနာရှင်(ပ)တွင် ပထမဆုရရှိသူ ဦးရဲထွဋ်နှင့် ခေတ်ဟောင်း ကာလပေါ် ဝါသနာရှင်(ဒု) ပထမဆုရရှိသူ ဦးကြည်ဆွေတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဆုများ ပေးအပ်ချီးမြှင့်ပြီး ခရိုင်အဆင့်ပြိုင်ပွဲတွင် ဆုရရှိသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဘိုကလေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။ အဆိုပါ ဖျာပုံခရိုင်(၄) မြို့နယ် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များက ပြိုင်ပွဲဘာသာရပ်အလိုက် ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲဝင် (၅၉)ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
အောင်ဝင်းနိုင်