ပေါက်ခေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်စိုက်ပျိုးမွေးမြူရေးကဏ္ဍများ တိုးတက်မြင့်မားရေး နည်းပညာပေး ဆွေးနွေးဆောင်ရွက်

ပေါက်ခေါင်း    ဩဂုတ်   

ပဲခူးတိုင်းဒေသကြီး  ပေါက်ခေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့် ဆောင်ရွက်နိုင်ရေးနှင့် ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် မြို့နယ်ဌာနဆိုင်ရာအဖွဲ့များမှ ယမန်နေ့က ဖိုးကျော့ကွင်းကျေးရွာသို့ ကွင်းဆင်း၍ နည်းပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။                                                                  

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးသူမောင် က ဒေသခံကျေးရွာပြည်သူများနှင့် တွေ့ဆုံ၍ ဆီထွက်သီးနှံများနှင့် နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဆည်ရေသောက်ဧရိယာအတွင်းပါဝင်သည့် လယ်ယာမြေများတွင် သုံးသီးစားစိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုလည်း တိုးမြှင့်မွေးမြူနိုင်ရေး၊ ဒေသနှင့်ကိုက်ညီသည့် အခြားစိုက်ပျိုးသီးနှံများကိုလည်း ရာသီအလိုက် ပိုမိုစိုက်ပျိုးနိုင်ရေးတို့ကို ဦးစွာဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ဌာနဆိုင်ရာတာဝန်ရှိသူအသီးသီးမှ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဒေသထုတ်ကုန်များထုတ်လုပ်မှုနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးမှုများနှင့် လက်တွေ့သရုပ်ပြပေးခြင်းများကို ဆောင်ရွက်ခဲ့ရာ တက်ရောက်လာသူများက  စိုက်ပျိုးမွေးမြူရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအပေါ် သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက အသီးသီးပြန်လည်ဖြေကြားခဲ့ပြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ အပင်ကိုင်းကူး ကိုင်းဆက်ပြုလုပ်သုံးစွဲနည်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ နေဗီယာမြက်စိုက်ပျိုးနည်းနှင့် ဒေသကြက်များ ရောဂါကာကွယ်ရေးအတွက် ကြက်မျက်စဉ်းခပ်နည်းစနစ်များအား လက်တွေ့သရုပ်ပြ ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါနည်းပညာပေး သင်တန်းဆွေးနွေးပွဲများကို ပေါက်ခေါင်းမြို့နယ်တွင် တစ်လလျှင် ကျေးရွာ(၁၀)ရွာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လဝက၊ ကျေးလက်၊မွေး/ကု၊ စက်မှုလယ်ယာ၊ စားသုံးသူ၊ မြေစာရင်းနှင့်ဆည်မြောင်းဦးစီးဌာန တို့က ကျေးရွာအရောက်ကွင်းဆင်း၍ နည်းပညာပေးဆွေးနွေးပွဲများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)