သရက် ဩဂုတ် ၄
မကွေးတိုင်းဒေသကြီး သရက်မြို့တွင် အငြိမ်းစားယူထားသည့် ပညာရေး(ငြိမ်း) ဆရာမကြီး ဒေါ်ဆွေမာတင့်အား ပီတိပညာရေး ပရဟိတမှ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် ပီတိပညာရေး ပရဟိတ နာယက ဦးအောင်ကျော်စိုးက ယခုလို သက်ပြည့်အငြိမ်းစားယူပြီး ဆရာကြီး ဆရာမများ လစဉ်အလှူငွေပေးအပ်ရာမှာ စေတနာအလှူငွေ ကောက်ခံသည့်စနစ်ဖြင့် ဆောင်ရွက်၍ ထောက်ပံ့ငွေ ပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားပေးခဲ့ပြီး ပီတိပညာရေးပရဟိတ အဖွဲ့ဝင် ဦးမြင့်သိန်းက စေတနာအလှူငွေကောက်ခံဆောင်ရွက်ရသည့်အခြေ အနေများကို ရှင်းလင်းပေးခဲ့သည်။
ထို့နောက် အငြိမ်းစားပင်စင်ယူထားသည့် ဆရာမကြီး(ငြိမ်း) ဒေါ်ဆွေမာတင့်အား ပီတိပညာရေး ပရဟိတမှ ထောက်ပံ့သည့် ငွေကျပ်(၁၅)သိန်းကို ပီတိပညာရေး ပရဟိတ နာယက ဦးအောင်ကျော်စိုးက ပေးအပ်ခဲ့ရာ လက်ခံပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားပေးခဲ့သည်။ ယင်းနောက် အငြိမ်းစား သက်ကြီးဆရာကြီး၊ ဆရာမကြီးများအား ကျန်းမာရေး စောင့်ရှောက်ရန်အတွက် ပညာရေး (ငြိမ်း) ဆရာမ ဒေါ်ဆွေမာတင့်က အလှူငွေ(၃)သောင်းကျပ် လှူဒါန်းရာ ပီတိပညာရေး ပရဟိတအဖွဲ့ဝင် ဆရာမ ဒေါ်တင်တင်ယုက လက်ခံပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)