သာပေါင်း ဩဂုတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံပညာ အထက်တန်းကျောင်း အခြေပြု အသိပညာပေးဟောပြောပွဲများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်း(သာပေါင်း)ရှိ သော်ကဆောင်အစည်းအဝေးခန်းမ၌ ကျင်းပကြသည်။
အခမ်းအနားတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်မြင့်မှ “ကလေးသူငယ် အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး”၊ “ကြိုတင်ကာကွယ် သဘာဝဘေး အန္တရာယ်”၊ “မူးယစ်အန္တရာယ် လူ့ရန်စွယ်”၊ “လူကုန်ကူးခြင်း ကင်းဝေးဖို့ အားလုံးဝိုင်းဝန်း ပူးပေါင်းစို့”၊ “မိုင်းအန္တရာယ် အသိပညာပေးခြင်း” CRC အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခြင်း အကြောင်းရင်း အချက်အလက်မှာ ၁၆ - ၇ - ၁၉၉၁ ခုနှစ်တွင် မြန်မာနိုင်ငံ အနေဖြင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းတွင် ပါဝင်လက်မှတ် ရေးထိုးခဲ့ပါသည်။ ၁၅-၈-၁၉၉၁ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပါသည်။ ၁၇-၂-၂၀၁၂ ခုနှစ်တွင် CRC နောက်ဆက်တွဲ သဘောတူစာချုပ် တစ်ခုဖြစ်သည့် “ကလေးသူငယ်များအား ရောင်းချခြင်း၊ ပြည့်တန်ဆာပြုလုပ်ခြင်းနှင့် ညစ်ညမ်းရုပ်ပုံများဆိုင်ရာ CRC နောက်ဆက်တွဲ အခြေပြစာချုပ်” အား လက်မှတ်ရေးထိုးခဲ့ပါသည်။ ၂၇-၉-၂၀၁၉ ခုနှစ်တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ်၏ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ်တွင် အတည်ပြုပါဝင်ခဲ့ပါကြောင်း ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် အခြေခံမူ(၄)ရပ်-
၁။ ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ဖြစ်ထွန်းစေသောမူ(The Best Interest the child)၊
၂။ ခွဲခြားသတ်မှတ်မှုမရှိစေသောမူ(Non-discrmination)၊
၃။ အသက်ရှင်သန်ရေးနှင့်ဖွံ့ဖြိုးတိုးတတ်စေသောမူ(Survival and development)၊
၄။ ကလေးသူငယ်၏ ထင်မြင်ယူဆချက်ကို အလေးပေးစေသောမူ(Respect to child's opinion)၊
CRC အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ လိုက်နာဆောင်ရွက်ရမည့် တာဝန်(၅)ရပ်မှာ
၁။ CRC နှင့် ကိုက်ညီသည့် ပြည်တွင်းဥပဒေ ပြဌာန်းခြင်း၊
၂။ နိုင်ငံအဆင့် အမျိုးသားကော်မတီ ဖွဲ့စည်းခြင်း၊
၃။ CRC ပါ ပြဌာန်းချက်များကို အကောင်အထည်ဖေါ်ဆောင်ရွက်ခြင်း၊
၄။ စောင့်ကြည့်လေ့လာရေးခြင်းနှင့်အကဲဖြတ်သုံးသပ်ခြင်း၊
၅။ နိုင်ငံအဆင့် အစီရင်ခံစာတင်ပြခြင်းတို့ဖြစ်သည်။
ကလေးသူငယ် အခွင့်အရေး(၄)ရပ်မှာ
၁။ အသက်ရှင်သန့်ခွင့်(Surviva)၊
၂။ ဖွံ့ဖြိုးတိုးတတ်ခွင့်(Development)၊
၃။ ကာကွယ်စောင့်ရှောက်ခံနိုင်ခွင့်(Protection)၊
၄။ ပါဝင်ဆောင်ရွက်ခွင့်(Participation)
ကလေးများအား မတော်မတရားပြုမူခြင်း၊ လျစ်လျှူရှုခြင်း၊ အကြမ်းဖက်ခြင်း၊ ခေါင်းပုံဖြတ်ခြင်း တို့မှ ကြိုတင်ကာကွယ်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း စသည့် အချက်အလက်တို့ကို ပရိုဂျက်တာဖြင့် သရုပ်ပြ ရှင်းလင်းအသိပညာပေး ဟောပြောပြီး တတ်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံး ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံများ လိုက်လံဝေငှ၍ အမေးအဖြေကဏ္ဍ ပြုလုပ်၍ အဖြေမှန်ဖြေဆိုသူကို အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ခိုင်ခိုင်ဝင်းမှ ဘေး(၉)မျိုး ဆောင်/ရှောင်ရန် အသိပညာပေး ဟောပြောခြင်းများကို (၁)မုန်တိုင်းဘေး၊ (၂)လေပြင်းဘေး၊ (၃)ရေဘေး၊ (၄)ငလျင်ဘေး၊ (၅)မီးဘေး၊ (၆)လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းဘေး၊ (၇)မိုးခေါင်ရေရှားဘေး၊ (၈)မြေပြိုခြင်းဘေး၊ (၉)ဆူနာမီဘေးတို့ ဖြစ်ပေါ်လာပုံနှင့် ကြိုတင်ကာကွယ်ရမည့် အချက်အလက်တို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး ဘေး(၉)မျိုး အသိပညာပေး လက်ကမ်းစာစောင်များအား ကျောင်းသား၊ ကျောင်းသူတို့အား ဖြန့်ဝေပေးခဲ့ကြပြီး အခြေခံပညာ အထက်တန်း(သာပေါင်း) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးနိုင်ဦးထံသို့ ကိုဗစ်-၁၉ ကာကွယ်ရေး လက်ဆေးဟန်းဂျယ်ဘူးများနှင့် နှာခေါင်းစည်း မတ်စ်ဘူးများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း (ပြန်/ဆက်)