ဟားခါး သြဂုတ် ၄
ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က ချင်းပြည်နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ် အထိနှင့် အသက်(၁၂)နှစ်မှ (၁၈)နှစ်အထိ အခြေခံပညာ ကျောင်းသား/သူများ၊ ကျောင်းနေပြင်ပ ကလေးများနှင့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများကို ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးကို စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိသည့်အပြင် ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးမှုကာလ (၆)လအတွင်း ရောက်ရှိသူများကိုလည်း ထပ်ဆောင်း ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ သတ်မှတ်ကာလအတွင်း ကာကွယ်ဆေး ထိုးနှံပြီးစီးနိုင်ရေး ဆက်လက်ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ မြို့ဝင်စစ်ဆေးရေးဂိတ်များတွင် RDT Test Kit ဖြင့် ပိုမိုစစ်ဆေး ဆောင်ရွက်ရန် လို ကြောင်းဖြင့် အမှာစကားပြောကြားသည်။
ဆက်လက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်လွင်က ယခင်အပတ် အစည်းအဝေး ဆုံးဖြတ်ချက်များကိုလည်းကောင်း၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူး ဒေါက်တာမြင့်မိုရ်စိုးက ချင်းပြည်နယ်အတွင်း ကိုဗစ်−၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ၊ အသက်(၅)နှစ်မှ (၁၂)နှစ်အထိနှင့် အသက်(၁၂)နှစ်မှ (၁၈)နှစ်အထိ ကျောင်းသား/သူများ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှုနှင့် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှုနှင့် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ရရှိ၊သုံးစွဲ၊လက်ကျန် စာရင်းများကိုလည်းကောင်း၊ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးနေမှုနှင့် လုပ်ငန်းလိုအပ်ချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ချင်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး လက်ကျန်များသည့် မြို့နယ်များက သက်ဆိုင်ရာ တပ်ရင်း/တပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ပိုမိုထိုးနှံပေးရန် လိုအပ်မှု၊ မြို့နယ်များမှ သက်တမ်းကုန်ဆုံးရက် နီးနေသည့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးများ အချိန်မီ ထိုးနှံပေးနိုင်မည့်အစီအမံများကို လစဉ်လျာထားတင်ပြရန် လိုအပ်မှုတို့ကို ဖြည့်စွက်ဆွေးနွေးပြီး ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ် ဥပဒေချုပ်တို့က တစ်မြို့နယ်ချင်းအလိုက် သုံးသပ် အကြံပြုဆွေးနွေးကြပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်တို့က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)