ကရင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဘားအံ ဩဂုတ် ၃

ကရင်ပြည်နယ်အစိုးရအဖွဲ့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ (၄/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခန့်က ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် ကရင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းနှင့် စတုတ္ထလှိုင်းတို့တွင် သေဆုံးသူ ၇၀၀ ဦးခန့်ထိရှိခဲ့ပြီး ယခုအခါ ကိုဗစ် ရောဂါပိုးကို ကမ္ဘာတစ်ဝှမ်းတွင် ပြန်လည်တွေ့ရှိလာရသည့်အတွက် ပေါ့ဆ၍ မရဘဲ ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများကို တိတိကျကျ လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း၊ ကာကွယ်ဆေးထိုးနှံပြီးဖြစ်သော်လည်း ကူးစက်နိုင်ခြေရှိနေသေးကာ လက်ရှိတွင် ပြည်နယ်အတွင်း ရောဂါပိုးတွေ့ရှိ၍ ဆေးဝါးကုသမှုခံယူနေသူ ၁၃ ဦးရှိပြီး မြန်မာနိုင်ငံအနေဖြင့် အရှေ့ တောင်အာရှနိုင်ငံများတွင် ပိုးတွေ့မှု သတ္တမနေရာတွင်ရှိကြောင်း၊ ကာကွယ်ဆေးထိုးနှံမှုနှင့်ပတ်သက်ပြီး အရှိန်အဟုန်မြှင့်ဆက်လက်ထိုးနှံပေးရန်လိုပြီး ကာကွယ်ဆေးများလည်း အလုံအလောက်ရှိသည့်အတွက် ပြီးပြတ်အောင် ထိုးနှံပေးကြဖို့လိုကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့်အညီ နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် နိုင်ငံအတွင်း ဝင်ရောက်ကြမည့်ခရီးသွားများအား စစ်ဆေးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတိုင်း လိုက်နာဆောင်ရွက်ကြဖို့လိုကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များက ရောဂါထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးတင်ပြခဲ့ကြပြီး အစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက် လာကြသော ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ များက မိမိတို့၏ ခရိုင်/မြို့နယ်များအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြကာ အစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီး ချုပ်က စက်ရုံ အလုပ်ရုံများ၊ ဟိုတယ်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ သာသနာရေးဆိုင်ရာ ကျောင်းများ၊ သာသနာ့ဝန်ထမ်းများ စသည်ဖြင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ကောက်သင်းကောက် အမြန်ဆုံးပြီးပြတ်အောင် ထိုးနှံပေးရန်နှင့် ကိုဗစ်အတွက် အမြဲအသင့်ရှိနေဖို့ လိုပြီး နေရာထိုင်ခင်း၊ ဆေးဝါး၊ အောက်စီဂျင် စသည်ဖြင့် ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် လိုအပ်သည်များ အဆင်သင့်ဖြစ်နေရန် ဆောင်ရွက်ကြဖို့လိုကြောင်း လမ်းညွှန်မှာကြားပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)