ဖျာပုံ သြဂုတ် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကျင်းပသော (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး၊ ခရိုင်အဆင့် ပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး၊ ခရိုင်အဆင့် ပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းက အဖွင့်အမှာစကား ပြောကြားပြီး အထက-၁ ကျောင်းသူလေးများက ကဗျာလွတ်အကဖြင့် ဖျော်ဖြေခြင်း၊ အတီးပြိုင်ပွဲဝင် မခိုင်သင်းကြည်က စောင်းဖြင့်တီးခတ်ဖျော်ဖြေခြင်း၊ အရေးပြိုင်ပွဲဝင် ဧရာဝတီ ဟန်မင်းကို၊ ညီရဲထိုက်တို့ ကိုယ်တိုင်ရေးစပ်ထားသော တေးသီချင်းများဖြင့် လည်းကောင်း၊ တိုင်းဒေသကြီး ကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်မည့် ဖျာပုံနန်းတွင်း မြန်မာရာမဇာတ်တော်ကြီးအဖွဲ့မှ ဖျော်ဖြေတင်ဆက်ကြသည်။ ဆက်လက်၍ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ကဖျာပုံနန်းတွင်းမြန်မာရာမ ဇာတ်တော်ကြီးအဖွဲ့အား ဂုဏ်ပြုကတ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။ ထို့နောက်ဖျာပုံခရိုင် (၄)မြို့နယ်မှ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များက ပြိုင်ပွဲဘာသာရပ်အလိုက် ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲဝင် (၅၉)ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)