ဘိုကလေးမြို့နယ် ရန်ပြေမာန်ပြေအောင် စကြာစေတီတော်မြတ်ကြီးတွင် ဝါတွင်းကာလ လပြည့်၊ လကွယ်နေ့တိုင်း နေ့အထူးတရားပွဲကျင်းပမည်

ဘိုကလေး ဩဂုတ် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ရန်ပြေမာန်ပြေ အောင်စကြာ စေတီတော်မြတ်ကြီး တွင်  နှစ်စဉ်နှစ်တိုင်း ဝါတွင်းကာလ၌ နေ့အထူးတရားပွဲများ ကျင်းပမြဲ ဖြစ်ရာ ယခုနှစ် ဝါတွင်းကာလတွင်လည်း လပြည့်၊ လကွယ်နေ့တိုင်း နေ့လယ် (၁)နာရီတွင် နေ့အထူးတရားပွဲများအား စေတီတော်ကြီး၏ တန်ဆောင်း တော်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

တရားပွဲများ ကျင်းပပြုလုပ်နိုင်ရေးနှင့် တရားတော်များအား ကြွရောက်ချီးမြှင့် ဟောကြားနိုင် ရေးအတွက် စေတီတော်ကြီးဂေါပကအဖွဲ့၊ ဥက္ကဋဋ္ဌ ဦးလှသန်းဦး ဦးဆောင်၍ ဘိုကလေး မြို့နယ်တွင်းရှိ ဩဝါဒစရိယ ဆရာတော်ကြီးများထံသို့ ပင့်လျှောက်လွှာများ ပေးပို့ထားကြောင်းနှင့် ဝါဆိုလပြည့်နေ့တွင် ဇေယျမေဒနီမိုးကုတ် ရိပ်သာကျောင်းတိုက်ဆရာတော်၊ ဝါဆိုလကွယ်နေ့တွင် မဟာဝိသုတာရာမ ကျောင်းတိုက်ဆရာတော်တို့မှ တရားတော်များအား ကြွရောက် ချီးမြှင့် ဟောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ သာသနာ့နွယ်ဝင် သူတော်စင်အပေါင်းတို့အား ဝါခေါင်လပြည့်နေ့တွင် မြို့ဦး ကျောင်းတိုက် ဆရာတော်မှလည်းကောင်း၊ ဝါခေါင်လကွယ်နေ့တွင် ရွှေပြည်သာကျောင်းတိုက် ဆရာတော်မှ လည်းကောင်း၊ တော်သလင်းလပြည့်နေ့တွင် သဒ္ဒမ္မဝတီကျောင်းတိုက် ဆရာတော်မှ လည်းကောင်း၊ တော်သလင်းလကွယ် နေ့တွင် ဇေယျာဘုံမြင့် ကျောင်းတိုက်ဆရာတော်မှ လည်းကောင်း၊ သီတင်းကျွတ် လပြည့်နေ့တွင် ဓမ္မိကာရာမ ကျောင်းတိုက်ဆရာတော်မှ လည်းကောင်း အသီးသီးကြွရောက်၍ တရားတော်များအား ကြွရောက်ချီးမြှင့် မည်ဖြစ်ကြောင်း အောင်စကြာစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့များထံမှ သိရသည်။

မိုးစက်(ဘိုကလေး)